
ရန်ကုန်မြို့ မြို့နယ်တချို့မှာ ဘထ္တရီစက်ဘီးရှိတဲ့အိမ်တွေကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကနေ တအိမ်တက်ဆင်း စာရင်းလိုက်ကောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်မှာနေထိုင်သူတဦးက "ဘထ္တရီဘီး၊ မော်တာဘီးရှိလားဆိုပြီး လိုက်မေးတာ။ ရှိရင် အိမ်နံပါတ်၊ ပိုင်ရှင်အမည်တွေမှတ်သွားတယ်။ တခြားရပ်ကွက်တွေလည်း အဲဒီလိုစာရင်း ကောက်နေတယ်ကြားတယ်" လို့ပြောပါတယ်။
အဲဒီလို စာရင်းလိုက်ကောက်တာဟာ ကောင်းတဲ့ရည်ရွယ်ချက် မဖြစ်နိုင်ဘူးလို့လည်း ရပ်ကွက်နေပြည်သူတွေက သုံးသပ်ပါတယ်။
တောင်ဥက္ကလာပမှာနေထိုင်သူတဦးက "ဒီဘက်လည်း စာရင်းကောက်တာ ရှိတယ်ကြားတယ်။ ကိုယ်တိုင်တော့မကြုံဘူး။ လိုင်စင်လုပ်ခိုင်းပြီး ငွေရှာမလို့လား၊ အလွယ်တကူ လိုက်ရှာဖမ်းဖို့လားဆိုတာ မသိဘူး" လို့ပြောပါတယ်။
ရန်ကုန်မြို့မှာ လျှပ်စစ်စက်ဘီး၊ ဆိုင်ကယ်နဲ့ ဘေးတွဲတွေကို လိုက်လံဖမ်းဆီးမူတွေ မကြာခဏလုပ်လေ့ရှိပြီး အိမ်ထဲထည့်ထားတဲ့ဘီးတွေပါ မချန် သိမ်းဆည်းသွားတာတွေ ရှိခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
မြို့ပြတော်လှန်ရေးလူပ်ရှားသူတချို့က ဘထ္တရီဘီး အသုံးပြုမူတွေရှိခဲ့တဲ့အပေါ် စစ်ကောင်စီဘက်က လုံခြုံရေးအကြောင်းပြချက်နဲ့ ဖမ်းဆီးမူတွေ လုပ်ခဲ့တာဖြစ်ပါတယ်။
အခုလို စာရင်းလိုက်ကောက်နေတာကြောင့် ဘထ္တရီစက်ဘီးပိုင်ရှင်တွေအကြား စိုးရိမ်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။











