DVB Logo
Home
မြန်မာသတင်း
တာချီလိတ်တွင် အိမ်ခြေ ၂၀၀ ကျော် ရေလွှမ်း
DVB
·
August 15, 2014
တာချီလိတ်တွင် အိမ်ခြေ ၂၀၀ ကျော် ရေလွှမ်း
1 / 7
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ်ထဲမှာ မိုးဆက်တိုက်ရွာသွန်းပြီး မယ်ဆိုင်ချောင်းရေလျှံကျတာကြောင့် ရာနဲ့ချီတဲ့ နေအိမ်တွေရော၊ အနီးနား ပတ်ဝန်းကျင် ကျေးရွာနဲ့ လယ်ယာစိုက်ခင်းတွေမှာ ရေလွှမ်းနေပါတယ်။

တာချီလိတ် မြို့ပေါ်က ၀ိန်းကျောဝ်၊ မယ်ခေါင် နဲ့ ရန်အောင်မြေ ရပ်ကွက် ၃ ခုနဲ့ မုံးကိုးကျေးရွာအုပ်စုထဲမှာ သြဂုတ် ၁၄ ရက်နေ့ မနက်ပိုင်းကနေ ရေ တဖြည်းဖြည်း စတင်ဝင်ရောက်လာပြီး အချို့ရပ်ကွက်တွေမှာ ၃ ပေခွဲထိ မြင့်တက်လာတဲ့အတွက် အိမ်ခြေ ၂၀၀ ကျော်က ရာနဲ့ချီတဲ့ မိသားစုဝင်တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းနေရာချထားပေးရတယ်လို့ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ စီမံခန့်ခွဲရေးကော်မတီအဖွဲ့ ၃ ဖွဲ့ခွဲပြီး သွားကြပါတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ အသက်ကြီးသူတွေ ကလေးတွေကို ခေါ်ထုတ်တယ်၊ ရန်အောင်မြေရပ်ကွက် နယ်မြေ ၁ ခန်းမဆောင်မှာရော၊ ၀ိန်းကျောက်ရပ်ကွက်က တော်ကော့အတွင်းပိုင်း ဘုန်းကြီးကျောင်းမှာရော၊ မယ်ခေါင်ရပ်ကွက် ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေမှာ ခဏခိုလှုံဖို့ နေရာချပေးပါတယ်။ ယာယီပါ။ ရေပြန်ကျသွားရင်တော့ ကိုယ့်အိမ်ကိုယ်ပြန်ပြီး သန့်ရှင်းရေးလုပ်ကြတာပေါ့။”

ဒါ့အပြင် မုံးကိုးကျေးရွာအုပ်စုဘက်နဲ့ တာချီလိတ်မုံးကိုးသွားကားလမ်း မယ်ဆိုင်ချောင်းဘေးတလျှောက် လယ်ယာစိုက်ခင်းတွေထဲလည်း ရေ၀င်နေပြီး စာရင်းအတိအကျကို ကောက်ယူ စုဆောင်းနေဆဲဘဲလို့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒီနေ့မနက်မှာတော့ မိုးအနည်းငယ်ရွာပေမယ့် ရေ တဖြည်းဖြည်းကျလာပြီလို့ ဆိုပါတယ်။

တာချီလိတ်မြို့နယ် ကျားခေါင်းပါတီက ဦးစိုင်းနုမ်တွိကတော့ ရေမြုပ်နေတဲ့ စပါးခင်းနဲ့ ပြောင်းခင်းတွေ ဧကပေါင်း ၁၀၀၀ ကျော် ရှိပြီး ဒီကနေ့ ညနေပိုင်းထိ ရေမကျသေးဘူးဆိုရင် အပင်တွေ ပျက်စီးနိုင်တယ်လို့ ပြောပါတယ်။

တာချီလိတ်မှာ မယ်ဆိုင်ချောင်း ရေလျှံရင် အမြဲလိုရေကြီးလေ့ ရှိပါတယ်။ အဓိက မယ်ဆိုင်ချောင်းရေ တိမ်ကောကျဉ်းမြောင်းလာတာကြောင့် ဖြစ်ကြောင်း၊ အဲဒီချောင်းရေဟာ ထိုင်း-မြန်မာ ၂ နိုင်ငံကို ခြားထားတဲ့အတွက် ရှေရှည်ပြဿ နာကို နှစ်နိုင်ငံ ပူးတွဲဖြေရှင်းဖို့ နယ်ခြားကော်မတီ အစည်းအဝေးတွေမှာ တင်ပြထားတယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသွားပါတယ်။

ဓာတ်ပုံ - ashin arnissara
[gallery ids="62464,62465,62466,62467,62468,62469"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013