
ယူကရိန်းရဲ့ ဘက်ပေါင်းစုံကနေ တိုက်ခိုက်မှုတွေကို တွန်းလှန်ခဲ့တယ်လို့ ရုရှားက အခိုင်အမာ ပြောကြားခဲ့ချိန်မှာပဲ ယူကရိန်းဘက်ကလည်း သူတို့ဟာ ရုရှားရဲ့ ကွပ်ကဲမှုစခန်းတွေနဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေနဲ့ တခြားစစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ကူးဖျန့်စ်ခ်၊ ကရာ့စ်ညီလိုင်မန်၊ ဒွန်နက်စ်ခ်နဲ့ တခြားလမ်းကြောင်းတွေရှိ ယူကရိန်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကို ပျက်ပြားစေခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့မှာထုတ်ပြန်ခဲ့တဲ့ အပတ်စဉ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ယူကရိန်းဘက်က လေတပ် အခြေခံအဆောက်အဦတွေ၊ လက်နက်တိုက်တွေ၊ ယာယီ စစ်ရေးစခန်းတွေကို ထိမှန်ခဲ့တာနဲ့ ခါဆွန် ဧရိယာအတွင်း ဆင်းသက်ဖို့ ကြိုးစားနေတဲ့ ယူကရိန်း တပ်တွေကို ကြားဖြတ်ဟန့်တားခဲ့ကြောင်းလည်း ဆိုထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ရုရှားလေကြောင်း ကာကွယ်ရေးစနစ်ဟာ ယူကရိန်းတိုက်လေယာဉ် ၈ စင်းကို ပစ်ချခဲ့တဲ့အပြင် ဟားမတ်စ်ဒုံးပျံတွေ၊ Storm Shadow ခရုဇ်ဒုံးကျည်တွေနဲ့ ယူကရိန်း စစ်တပ်ရဲ့ ဒရုန်းအများအပြားကို ကြားဖြတ်ပစ်ချခဲ့ကြောင်းလည်း ဝန်ကြီးဌာနက ပြောကြား ခဲ့ပါတယ်။
တနေ့တည်းမှာပဲ ယူကရိန်းတပ်မတော်ရဲ့ စစ်ဦးစီးချုပ်က ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဘာ့ခ်မု(ထ်)၊ အဗ်ဒီးဗ်ကာ၊ မာရင်န်ကာနဲ့ တခြားနေရာတချို့တို့မှာ ယူကရိန်းနဲ့ ရုရှားတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း ပြောပါတယ်။
ယူကရိန်းလေတပ်ဟာ ရုရှားစစ်ဘက်ဆိုင်ရာ နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ပြီး ရုရှားစစ်ဌာနချုပ်စခန်းတွေနဲ့ အချက်ပြထောက်လှမ်းရေး ဌာနတွေကို ဒုံးကျည်တွေ ထိမှန်ခဲ့ကြောင်းနဲ့ ရုရှား ပဲ့ထိန်းဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားနိုင်ကြောင်း ဆိုပါတယ်။
ယူကရိန်းစစ်တပ်ရဲ့ ညပိုင်းစီးနင်းမှုမှာ သင်္ဘောသားတွေနဲ့ သံချပ်ကာယာဉ်တွေကို တင်ဆောင် လာတဲ့ ရုရှားပင်လယ်နက် ရေယာဉ်အုပ်စုထဲက ကုန်းရေ နှစ်သွယ် သင်္ဘောငယ်တစင်း ပျက်စီးခဲ့ကြောင်း စစ်ဦးစီးချုပ်ရုံးကနေ သိရပါတယ်။
Source/Photo-Reuters










