DVB Logo
Home
မြန်မာသတင်း
မိုးကောင်းနှင့် လောက်ကိုင်တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သားများ သေဆုံး ဒဏ်ရာရ
DVB
·
November 12, 2023
မိုးကောင်းနှင့် လောက်ကိုင်တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သားများ သေဆုံး ဒဏ်ရာရ
Donate to DVB

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာ နိုဝင်ဘာ ၁၁ ရက်နေ့က စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁ ယောက်သေ၊ ၃ ယောက် ဒဏ်ရာရပြီး ရှမ်းပြည်နယ် လောက်ကိုင်မြို့နဲ့ ချင်းရွှေဟော်ကြား ပါစင်ကျော်ရွာနားမှာ လက်နက်ကြီးကျလို့ အများအပြား ဒဏ်ရာရပြီး သေဆုံးသူတွေလည်း ရှိပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်၊ ရွှေယင်စီးကျေးရွာအုပ်စု၊ လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြားက ပါစင်ကျော်ရွာအနီးပိတ်မိနေတဲ့ နေရပ်ပြန် ပြည်သူ လူအုပ်ထဲကို နိုဝင်ဘာ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက လက်နက်ကြီးကျတယ်လို့ ကျည်တွေကြားက ထွက်ပြေးလွတ်မြောက်လာသူတွေဆီက သိရပါတယ်။ 

လောက်ကိုင်မြို့ဘက် ပြန်လည်ထွက်ပြေးလာသူတယောက်က “တိုက်ကြတာ။ အရှေ့အနောက် လှည့်တိုက်ကြတာ။ လူထိတဲ့သူထိ၊ သေတဲ့သူသေ၊ ဒဏ်ရာ ရတဲ့သူရ။ လက်နက်ကြီးက အရှေ့ကို ကျလာတာ။ ဟိုပုန်း ဒီပုန်းနဲ့ ပြန်ပြေးလာရတယ်" လို့ ပြောပါတယ်။ 

ပစ်ခတ်နေတဲ့ ကြားထဲက ထွက်ပြေးလာခဲ့ရပြီး မူးလဲသွားပေမယ့် အတူပါ အဖော်တွေက ဆွဲပြေးသွားတာကြောင့် လွတ်မြောက်ခဲ့တာလို့ သူက ပြောပါတယ်။

တစ်ဆယ်တန်ဂိတ်နဲ့ ပါစင်‌ကျော်ရွာ မ‌ရောက်ခင်လမ်းကြား‌လောက်မှာ ခရီးသည်တွေရဲ့ ကြားမှာပဲ လက်နက်ကြီးကျမှန်ပြီး သေတဲ့သူရှိသလို ဒဏ်ရာရတဲ့သူလည်းရှိတယ်လို့ နောက်ထပ် ထွက်ပြေးလွတ်မြောက်လာတဲ့ မိန်းကလေးတယောက်က ပြောပါတယ်။ 

"ဦးလေးတယောက်ဆို နှာခေါင်းတောင်ပဲ့ထွက်သွားတယ်။ အဲလမ်းတလျှောက်မှာလည်း သွေးတွေပဲ။ ကျမတို့တောင် အသက်လုပြီး ပြေးခဲ့ရတယ်။ လက်နက်ကြီးကျတာ ၄ ခါလောက်တောင်ရှိတယ်။ ... ကျမတို့က မြို့ထဲ ပြန်ရောက်ပြီ” လို့ ပြောပါတယ်။ 

ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူတွေ ဘယ်နှစ်ယောက်လဲဆိုတာ မပြောနိုင်ဘဲ မျက်မြင်တွေ့ခဲ့တာတော့ သေဆုံးသူတွေနဲ့ အနားမှာတွေရော ထိခိုက်ဒဏ်ရာ ရတာတွေ အများကြီး တွေ့ခဲ့တယ်လို့ သူက ပြောပါတယ်။ 

ရှမ်းမြောက် အခြေစိုက် ရွှေဖီမြေသတင်းဌာနမှာတော့ ၆ ယောက် သေဆုံးကြောင်း ဖော်ပြထားပါတယ်။ 

လောက်ကိုင်ရောက် လူငယ်တယောက်ကလည်း “လောက်ကိုင်က လောလောဆယ် အရမ်းခက်ခဲသွားပြီ။ အစားအသောက်ပစ္စည်းတွေလည်း ဝင်လာတာမရှိတော့ဘူး။ ပြီးတော့ ဒီကနေထွက်လာမယ်ဆိုလည်း ထွက်လာလို့ မရတော့ဘူး။ ဒီ လောက်ကိုင်မြို့ထဲမှာပဲ ပိတ်မိနေတယ်” လို့ ပြောပါတယ်။ 

လောက်ကိုင်မှာ ကုန်ဈေးနှုန်း အဆမတန် မြင့်မားနေသလို စားနပ်ရိက္ခာ ပြတ်တောက်လု နီးပါးဖြစ်နေပြီး အလုပ်အကိုင်မရှိ၊ ဖုန်းလိုင်းမရှိနဲ့ အခက်ကြုံနေကြရတယ်လို့  သူက ပြောပါတယ်။ 

မြို့ကနေ လုံးဝထွက်လို့မရဘဲ ထွက်လာရင်လည်း လောက်ကိုင်မြို့ပြင် ပါစင်ကျော်ရွာဘက် ရောက်တာနဲ့ တကယ်ပစ်ပြီး သေတဲ့သူတွေ ရှိတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့ မွန်းလွဲပိုင်းကလည်း ပါစင်ကျော်ရွာရှိ ဘုန်းကြီးကျောင်းဘက်မှာ လက်နက်ကြီးကျကွဲလို့ စစ်ရှောင်ပြည်သူ ၂ ယောက် ထိခိုက် ဒဏ်ရာရပြီး အသက် ၈ နှစ်အရွယ် ကလေး ၁ ယောက် သေဆုံးခဲ့ပါသေးတယ်။ 

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာတော့ ဆားမှော်ကျေးရွာက ခြေလျင်တပ်ရင်း ခလရ ၁၀၅ ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခံရပြီးနောက် နိုဝင်ဘာ ၁၁ ရက်က ကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အဆောက်အဦတွေ ထိခိုက်ပျက်စီးပြီး ပြည်သူတွေ ထိခိုက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “မနက် ၁၁ နာရီလောက်မှာ တော်လှန်ရေးအဖွဲ့တွေက ခလရ ၁၀၅ တပ်ရင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တယ်။ ဒရုန်းနဲ့ ဗုံးကြဲခံရပြီးတော့ တပ်ရင်းထဲကနေ လက်နက်ကြီးနဲ့ ရွာထဲကို လှမ်းပစ်တာ။ အချက်ရေကတော့ မနည်းဘူး။ အိမ် ၄ လုံး ထိခိုက် ပျက်စီးတယ်။

ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာ ရတယ်။ အဲဒီ အထဲက အမျိုးသားတဦးကတော့ သေသွားပြီ။ တပ်ထဲ

အခြေအနေတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရပြီး ဒဏ်ရာပြင်းထန်တဲ့ ကိုသန့်စင်ဆိုသူဟာ ဆေးရုံပို့နေတုန်း လမ်းမှာပဲ သေဆုံးခဲ့ပါတယ်။          

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကလည်း မိုးကောင်းမြို့နယ် တောင်နီကျေးရွာက စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၄၇,၄၀၀ ကျော်အထိ ရှိလာပြီလို့ UNOCHA Myanmar က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013