DVB Logo
Home
မြန်မာသတင်း
မြောက်ဥက္ကလာတွင် တညတည်း ဗုံး ၃ ကြိမ်ပေါက်ကွဲ
DVB
·
November 12, 2023
မြောက်ဥက္ကလာတွင် တညတည်း ဗုံး ၃ ကြိမ်ပေါက်ကွဲ
Donate to DVB

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်မှာ နိုဝင်ဘာ ၁၀ ရက်ညက ဗုံး ၃ ကြိမ် ပေါက်ကွဲခဲ့ပြီး လူ ၃၀ လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့နယ်ဥပဒေရုံးနဲ့ ရဲမှူးတယောက်ရဲ့ အိမ်ရှေ့မှာ တော်လှန်ရေးတပ်တွေက ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။

တရားရုံးနဲ့ က ရပ်ကွက်နဲ့ ကျောက်ရေတွင်းရပ်ကွက်တို့မှာ နိုဝင်ဘာလ ၁၀ ရက် တညတည်း ဗုံးပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြောက်ဥက္ကလာပမြို့ခံတယောက်က “ညက ဗုံးပေါက်တဲ့နေရာက တရားရုံး အသစ်ကြီး နားမှာပဲ။ ရဲစခန်းနဲ့ဆို လှမ်းမြင်နေရတယ်။ အသံတော်တော်ကျယ်တယ်။ အိမ်တွေပါ တုန်တယ်။ ပထမတလုံး ပေါက်ပြီးတော့ စခန်းထဲကနေ သေနတ်နဲ လှမ်းပစ်တာ ရှိတယ်။ မြနန္ဒာစားသောက်ဆိုင်ဘေးက ကင်းတဲကနေ ပစ်တာ။ ဒီမနက်မြင်ရသလောက်‌‌တော့ အုတ်နံရံတွေ ပဲ့သွားတယ်” လို့ ပြောပါတယ်။

နွယ်သာကီလမ်းမထိပ်၊ မြောက်ဥက္ကလာပတရားရုံးအရှေ့မှာ ည ၈ နာရီ ၃ မိနစ်နဲ့ ည ၈ နာရီ ၁၉ မိနစ်တွေမှာ ဗုံး ၂ လုံး ပေါက်ကွဲခဲ့ပြီး မြောက်ဥက္ကလာ အမှတ် ၉ ရဲစခန်းကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုအပြီးမှာ စစ်ကောင်စီရဲကားတွေနဲ့ လာရောက်စစ်ဆေးကာ  နွယ်သာကီ လမ်းထိပ်ကနေ ဈ ဈေးလမ်းဆုံအထိ ယာယီလမ်းပိတ်ထားခဲ့ပါတယ်။

ဒေသခံတယောက်ကလည်း “ညက ပေါက်ကွဲသံတော့ကြားလိုက်တယ်။ ၂ ခါတောင် အကျယ်ကြီးပဲ။ ကျနော့်သားလည်း စပ်စပ်စုစုနဲ့ အပြင်ထွက်ကွမ်းဝယ်တာ အဖမ်းခံ လိုက်ရတယ်။ ဗုံးပေါက်ပြီးဖမ်းသွားတာ မနည်းဘူး” လို့ ပြောပါတယ်။

မြောက်ဥက္ကလာပမြို့နယ် ဥပဒေရုံးအနီး ဗုံး ၂ လုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဟာ ခေမာသီလမ်းနဲ့ နွယ်သာဂီလမ်းထောင့းက ဆိုက်ကားသမားတွေနဲ့ ရွှေနေ့သစ် လ္ဘက်ရည်ဆိုင်ထဲက ဒေသခံပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့လည်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Anonymous Fighters Force – AFF ၊ Freeland Attack Force – FLA နဲ့ Emerald Girls Army – EGA အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြောက်ဥက္ကာပမြို့နယ်ဥပဒေရုံးကို ည ၈ နာရီ ၅ မိနစ်အချိန် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ၈ နာရီ ၁၇ မိနစ်တွင်လည်း ထပ်မံဖောက်ခွဲ တိုက်ခိုက်မှု တရစပ်ပြုလုပ်ခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပြီး မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ ရဲဘော်တွေ ဘေးကင်းကင်း ဆုတ်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ပေါက်ကွဲမှုဟာ မြို့နယ်ဥပဒေရုံးရှေ့ သမာဓိလမ်းဘေးမှာဖြစ်ပြီး လုံခြုံရေးအဖွဲ့က စစ်ဆေးနေတုန်း ပထမပေါက်ကွဲတဲ့နေရာနဲ့ ၈ ပေလောက်အကွာမှာ ထပ်မံပေါက်ကွဲ ခဲ့ကြောင်းနဲ့ ပေါက်ကွဲမှုကြောင့် လူ၊ ပစ္စည်း ထိခိုက်မှုမရှိခဲ့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ည ၉ နာရီ ၁၅ မိနစ်လောက်မှာလည်း ကျောက်ရေတွင်းရပ်ကွက်၊ ရွှေဘုန်းပွင့်ဘုရားလမ်းက ရဲမှူးအဆင့်ရှိသူတယောက်ရဲ့ အိမ်ရှေ့မှာ ဗုံး ပေါက်ကွဲခဲ့ပြီး အိမ်ရှေ့က ကားတစီးရဲ့နောက်ပိုင်းနဲ့ အိမ်ပြတင်းပေါက်မှန်တွေ ပျက်စီးသွားပါတယ်။

Yangon Army(YA) တပ်ဖွဲ့တာဝန်ရှိသူတယောက်က “ရဲမှူးဆိုသူက စကစထောက်တိုင် ဒလန်အကြီးစားပါ။ ဒလန်တွေဟာ တော်လှန်ရေးရဲ့ အဟန့်အတားတွေထဲက တခုပါ။ သုတ်သင်ရှင်းလင်းနိုင်ပေမဲ့ လူသားချင်းစာနာထောက်ထားသောအားဖြင့် စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ သတိပေးလိုက်ခြင်းပါပဲ။ စစ်ကောင်စီနဲ့ ပူးပေါင်းရင် ဒါ့ထက် ဆုံးရှုံး နစ်နာစရာတွေ ပိုရှိလာမယ်ဆိုတဲ့အကြောင်း သတိပေးလိုက်တာပါ။ တော်လှန်ရေး အင်အားစုတွေက International Humanitarian Law(IHL) ကို လေးစား လိုက်နာလျက်ရှိပါတယ်။ မတတ်သာတဲ့အဆုံး လွန်အားကြီးလာလို့သာ အခုလို ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီကို အားကိုးခြင်း၊ စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းမျိုး ဘယ်တော့မှ ထပ်မလုပ်ကြဖို့၊ ဒလန်မဟုတ်ကြဖို့ ဒီနေရာကနေ ထပ်လောင်းပြောကြားပါရစေ။ ဖောက်ခွဲတိုက်ခိုက်ရင်တော့ အနည်းနဲ့အများ ဆုံးရှုံးမှုက ရှိကြမှာပါ။ အခုလည်း ဒလန်နဲ့ သူ့သားထိတယ်၊ သူတို့ကား ထိခိုက်ပျက်စီးတယ်လို့ သိရပါတယ်။ မဟာမိတ်အားလုံးကတော့ ဘေးကင်းပါတယ်” လို့ ပြောပါတယ်။

အဲဒီ ဖောက်ခွဲမှုကို ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖ အဖွဲ့၊ Yangon Army(YA)၊ Dark Shadow/Urban Worrior စတဲ့ တပ်ဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး အော်ပရေးရှင်း ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံတဲ့အနေနဲ့ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013