DVB Logo
Home
Lead Story
စဥ့်ကူး ပဋိပက္ခ ညှိနှိုင်းဖြေလျှော့တဲ့နည်းနဲ့ ဖြေရှင်းမယ် - ဒုရဲမှူးကြီး ဇော်မင်းဦး
DVB
·
August 15, 2014
စဥ့်ကူး ပဋိပက္ခ ညှိနှိုင်းဖြေလျှော့တဲ့နည်းနဲ့ ဖြေရှင်းမယ်  - ဒုရဲမှူးကြီး ဇော်မင်းဦး
Donate to DVB

[caption id="attachment_62457" align="alignright" width="436"]ဓာတ်ပုံ - ကိုစိန်သန်း ဓာတ်ပုံ - ကိုစိန်သန်း[/caption]

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ညောင်ဝန်းရွာမှာ ဖြစ်ပွားခဲ့တဲ့ ရဲနဲ့ ရွာသား ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကို ညှိနှိုင်းဖြေလျှော့တဲ့နည်းနဲ့ ဖြေရှင်းမယ်လို့ မန္တလေးတိုင်း ဒုတိုင်း တပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်မင်းဦးက ပြောပါတယ်။

အခင်းဖြစ်ပွားပုံ အခြေအနေ၊ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒုရဲမှူးကြီးကို မေးမြန်းထားပါတယ်။

မနေ့က ဖြစ်စဉ်မှာ ရဲတွေလည်း ဖမ်းခံရတယ် ကြားလို့၊ အဲဒီဖြစ်စဉ် အမှန်လေး သိချင်လို့ပါ။

“ကြံစိုက်ခင်းကို သူတို့ ရွာသားတွေက ၀င်ကျူးကျော်နေတာတော့ ကြာပြီ။ အဲဒီဟာနဲ့ပတ်သက်ပြီး ကြံစိုက်ခင်းပိုင်ရှင်တွေက ရွာသားတွေကို မြေယာကျူးကျော် ၀င်ရောက်ထွန်ယက်မှုနဲ့ အမှုဖွင့်ထားတာလည်း ၂ မှုလောက်ရှိတယ်။ အမှုဖွင့်ထားလည်း ရွာသားတွေက မရပ်ပြန်ဘူး၊ ကျူးကျော်ဝင်ရောက်ပြန်တယ်။ တဖက်က ထိန်းသိမ်းဆောင်ရွက်ပေးဖို့၊ အရေးယူ ဆောင်ရွက်ပေးဖို့ တောင်းဆိုလာတဲ့အတွက် ရဲတပ်ဖွဲ့က သွားတားတာ။ သွားတားတော့ အရင်အမှုဖွင့်ထားတဲ့သူတွေကိုလည်း တွေ့တယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ ၀ိုင်းပြောနေတဲ့အချိန်မှာ ရွာသားတွေက ၀ိုင်းပြီး ခဲနဲ့ပေါက်တဲ့သဘောပါ။ ခဲနဲ့ပေါက် လေးခွတွေနဲ့ပစ်တော့ တပ်ဖွဲ့ဝင်တွေလည်း ဒဏ်ရာ အနာတရ ရတော့ လူစုခွဲတဲ့အနေနဲ့ မိုးပေါ်ထောင်ပစ်ပြီး၊ ခြောက်လှန့်ပစ်ခတ်ပြီး လူစုခွဲစေတဲ့ သဘောမျိုးနဲ့ လုပ်လိုက်တာပေါ့။

“အဲဒီမှာ ရွာသားတွေက၀င်ပြီး တပ်ဖွဲ့ဝင်တဦးရဲ့ သေနတ်ကို လုသလိုဖြစ်တော့ သူဆွဲကိုယ်ဆွဲ ဆွဲကြတဲ့အချိန်မှာ သေနတ်က ထွက်ပြီး အမျိုးသမီးတယောက် ခြေသလုံးကို မှန်သွားတယ်။ အဲဒါကို ရဲတပ်ဖွဲ့ဝင်တွေ ထွက်လို့မရအောင် ရွာသားတွေက ၀ိုင်းဝန်းပိတ်ဆို့ပြီး ၀ိုင်းထားတဲ့သဘောပါ။ အဲဒါကို ကျနော်တို့ဆီက ခရိုင်ရဲတပ်ဖွဲ့မှူးတို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ သွားရောက်ပြီး ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့တယ်။ နယ်မြေက သံဃာတော်တွေကလည်း ရှင်းလင်းပေးခဲ့ကြတယ်။”

ညက ရဲတွေ ပြန်လွတ်လာပြီပေါ့။

“မနေ့က ညနေ ၆ နာရီခွဲလောက်ကတည်းက တိုင်းတပ်ဖွဲ့မှူးဦးစီးပြီးတော့ သက်ဆိုင်ရာ စခန်းတွေမှာ ပြန်အခြေပြုပြီးတော့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေတဲ့ အနေအထား ရှိပါတယ်။”

ဒီလိုအဖြစ်မျိုးမနှစ်က နေပြည်တော်မှာ ဖြစ်ပွားခဲ့တာ သတိထားမိလိုက်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကို အီးယူကလည်း အဆင့်မြင့်သင်တန်းတွေ ပေးနေတယ်လို့လည်း ကြားတယ်။ ရဲတပ်ဖွဲ့ဝင်တွေအတွက် ဘာတွေလိုအပ်နေလို့ ဒီလိုတွေ ခဏခဏဖြစ်နေတာလဲခင်ဗျ။ ဘယ်လို မြင်မိပါသလဲ။

“ဒီလိုဗျ။ ဥပဒေနဲ့ မညီတဲ့အတွက် ဒါတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ရှင်းပြတယ်ခင်ဗျ။ ရှင်းပြတဲ့ဟာကို ပြည်သူလူထုကလည်း သူတို့လိုချင်တာတခုတည်းကို တွက်ပြီးတော့ ဥပဒေနဲ့ ညီမညီ မသိကြဘူး။ မသိကြပဲနဲ့ တာဝန်ရှိတဲ့ တပ်ဖွဲ့ဝင်တွေကို သူတို့က ဥပဒေနဲ့ မညီတဲ့ကိစ္စတွေကို ဆောင်ရွက်တဲ့သဘော ဖြစ်နေတာပေါ့။ အမှန်ကတော့ ဥပဒေနဲ့အညီပဲ ဖြစ်သင့်တယ်။ ကျနော်တို့အဖွဲ့က သွားပြီးတားဆီးတာ ဖြစ်တယ်။ တကယ်တမ်းကျတော့ သူတို့ ပြစ်မှု ကျူးလွန်ထားတဲ့၊ အမှုရေးဖွင့်ခံထားရတဲ့ အဖွဲ့တွေ ဖြစ်နေတဲ့အတွက် ဥပဒေနဲ့အညီ ကျနော်တို့က ပြောဆိုတားဆီးတာတွေကိုတော့ သူတို့ လက်ခံသင့်တယ်။ အဓိကတော့ ကျနော်တို့ရဲတပ်ဖွဲ့ဝင်တွေက ပညာပေးစည်းရုံးဟောပြောတဲ့ သဘောနဲ့ တားဆီးတာလေ။ သွားပြီးတော့ အင်အားသုံးနှိမ်နင်းဖြေရှင်းတာလည်း မရှိဘူး။”

အဲဒီရွာသားတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ပြန်ပြီး တရားစွဲဖို့တွေဘာတွေ ရှိပါသလားဗျ။

“ဒါကတော့ နောက်ဆက်တွဲအခြေအနေ ကတော့ ဘယ်လို ထပ်ပြီး ဖြစ်မလဲတော့ မသိဘူး။ လတ်တလောကတော့ တိုင်းဒေသကြီး ရဲတပ်မှူးတို့ကိုယ်တိုင်ဦးစီးပြီးတော့ ကိုယ့်ဘက်ကတော့ အဆင်ပြေဖြစ်ဖို့အတွက် ပြည်သူနဲ့ ရဲတပ်ဖွဲ့ဝင်ဖြစ်နေတဲ့အတွက် ပြေပြေလည်လည်နဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ တရားဥပဒေစိုးမိုးရေးလည်း မပျောက်အောင် ဖြေလျော့ညှိနှိုင်းပြီး ဆောင်ရွက်မှာပါခင်ဗျ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013