
စစ်အာဏာရှင်ရဲ့ လာအိုခရီးစဉ်မှာ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပါဝင်နေပေမဲ့ လည်း ပြည်သူလူထုအတွက် အကျိုးရှိနိုင်မဲ့ ထင်ရှားတဲ့ အကျိုးအမြတ်မရှိဘဲ စစ်အာဏာရှင်ရဲ့ သံတမန်ရေးနဲ့ နိုင်ငံရေးပုံရိပ် ပြန်လည်တည်ဆောက်ရေးဘက်မှာ ပိုမိုများပြားနေတယ်လို့ လေ့လာသူတွေက သုံးသပ်ပြောပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ သမ္မတရာထူးကို ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဇူလိုင်လ ပထမပတ်ထဲမှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တဲ့ အိမ်နီးချင်း လာအိုနိုင်ငံကို သွားရောက် လည်ပတ်ခဲ့တာဖြစ်ပါတယ်။
ဒီခရီးစဉ်မှာ လေကြောင်းလိုင်းဖွင့်ရေး၊ နယ်စပ်ကုန်သွယ်ရေးတိုးမြှင့်ရေး၊ မူးယစ်ဆေးဝါးနဲ့ အွန်လိုင်း လိမ်လည်မှု တိုက်ဖျက်ရေး စတာတွေ ဆွေးနွေးခဲ့တယ်လို့ စစ်အာဏာရှင် ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားပေမဲ့ ဒီခရီးစဉ်ဟာ ပြည်သူလူထုအတွက် အကျိုးရှိနိုင်မဲ့ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်တွေအပေါ် ထူးခြားတဲ့သက်ရောက်မှုတွေ မတွေ့ရှိရဘဲ စစ်အာဏာရှင်ရဲ့ သံတမန်ရေးနဲ့ နိုင်ငံရေးပုံရိပ် တည်ဆောက်ဖို့အတွက် ကြိုးစားခဲ့တာ ပိုများကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ထောက်ပြနေကြပါတယ်။
သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့မှ နွေဦးလီလီက “အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတကာရဲ့ တရားဝင်မှုကို ရချင်တဲ့အတွက် သူနဲ့ အကျိုးတူ စီးပွားရေး လုပ်နေတဲ့ နိုင်ငံတွေ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဂရုမစိုက်တဲ့ နိုင်ငံတွေကို တလှည့်စီ သွားမှာပဲ။ လာအိုဟာ တရုတ်နဲ့ စီးပွားရေး၊ နိုင်ငံရေးအရ အနီးကပ်ဆုံးနိုင်ငံလည်း ဖြစ်သလို တရုတ်က လာအိုကို ဩဇာသက်ရောက်ပါတယ်။ အာဆီယံထဲကနေ တရုတ်အစိုးရနဲ့ နီးစပ်တဲ့ နိုင်ငံတွေထဲက တခုဖြစ်တဲ့ လာအိုကို မင်းအောင်လှိုင် အရင်လာတယ်။ ဒါဟာ တရုတ်အကူအညီနဲ့ မင်းအောင်လှိုင် လာအိုကို လာခွင့်ရတာမျိုး ဖြစ်နိုင်ပါတယ်။ လာအိုအစိုးရက အကြမ်းဖက် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံတာဟာ နိုင်ငံတကာ တရားဝင်မှု ပိုရစေတယ်လို့ မထင်ပါဘူး။ ဒါဟာ စစ်အုပ်စုဘက်က သူလုပ်နိုင်သလောက် တရားဝင်မှုကို နိုင်ငံတနိုင်ငံချင်းစီကနေ ရဖို့ ကြိုးစားနေတာလို့ပဲ မြင်ပါတယ်” လို့ ပြောပါတယ်။
တခြား တရုတ်ဩဇာသက်ရောက်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဆီကိုလည်း စစ်ခေါင်းဆောင် အနေနဲ့ ဆက်လက်ချဉ်းကပ်သွားနိုင်ကြောင်း သုံးသပ်ခဲ့ပါသေးတယ်။
စစ်အာဏာရှင်ဟာ တရုတ်ဩဇာခံနိုင်ငံတွေအပြင် မြန်မာ့နိုင်ငံရေးကို ထဲထဲဝင်ဝင် စိတ်မဝင်စားတဲ့ အာဆီယံနိုင်ငံတွေကို စတင်ချဉ်းကပ်နေခဲ့တာဖြစ်ကြောင်းနဲ့ အာဏာသိမ်းအစိုးရအပေါ် နိုင်ငံတကာ ရဲ့ တရားဝင် အသိအမှတ်ပြုမှုဆိုင်ရာမှာတော့ ဝိဝါဒကွဲပြားမှုတွေ ရှိနေဆဲဖြစ်ကြောင်းကို အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသူ တယောက်ကလည်း သုံးသပ်ပါတယ်။
“အာဆီယံထဲမှာမှ မြန်မာကို စိတ်ဝင်စားမှု အားနည်းတဲ့ နိုင်ငံတွေကို အဓိက ဦးစားပေးပြီးတော့ သူတို့ အရင်ဆုံး သွားတယ်လို့ ပြောလို့ရတာပေါ့နော်။ လာအိုက မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှု အားနည်းတယ်ဆိုတာ အာဆီယံဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ ကာလတွေက ပြီးတော့ လာအိုနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ပြည်တွင်းရေးကို အဲ့လောက်ထိ စိတ်ဝင်စားမှုပြတာ မတွေ့ရဘူးပေါ့လေ။ ငြိမ်းချမ်းရေး လမ်းစဉ် ပေါ်ပေါက်ရေးအတွက်လည်း လာအိုက အဲ့လောက်ထိ ပါဝင်ဆောင်ရွက်တာမျိုး မတွေ့ရဘူး။ အလုပ်သမား စေလွှတ်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ လက်မှတ်ထိုးတယ်ပေါ့။ ဒီအလုပ်သမားစာချုပ်ကြောင့် တချို့တချို့သော လူတွေ အလုပ်အကိုင် အခွင့်အလမ်း ရကောင်းလည်း ရသွားနိုင်တယ်ပေါ့လေ။ ဒါပေမဲ့ ကျနော်မြင်တာကတော့ အရင်တည်းက ရှိပြီးသား တရားမဝင် အလုပ်သမားတွေက လာအိုမှာ တရားဝင် ဆက်ပြီး နေထိုင်ခွင့်ရမယ်ဆိုတဲ့ သဘောမျိုး ကတော့ ပိုများမယ်လို့ မြင်တယ်ပေါ့နော်။”
ဒါ့အပြင် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေက လက်တွေ့မှာ ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိလာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
လာအိုနိုင်ငံဟာ ထိုင်း၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေလို မြန်မာရွှေ့ပြောင်းလုပ်သား အများအပြား သွားရောက်လုပ်ကိုင်နေတဲ့နိုင်ငံ မဟုတ်သေးတာကြောင့် ဒီသဘောတူညီချက်တွေရဲ့ အကျိုးရလဒ်က ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာဖို့ အချိန်ယူရဦးမယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
ဝေဝေ










