စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မင်းလှရွာနဲ့ ငါးရံ့အိုရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲပြီး လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် အဆောက်အအုံတွေပျက်စီးပြီး လူတွေလည်း ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညနေ ၃ နာရီခွဲလောက်က ဂျက်ဖိုက်တာအမျိုးအစားလေယာဉ်နဲ့ လာရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံ ရွာသားတယောက်က “မင်းလှရွာက အထက စာသင်ကျောင်းဆောင် ၂ ဆောင်ရယ်။ ဘုရားစေတီ ၁ ဆူ၊ ဘုန်းကြီးကျောင်း ပျက်စီးတယ်ဗျ။ ငါးရံ့အိုရွာက ဆေးခန်း ၁ ခန်းရယ်၊ ပြည်သူတွေရဲ့ နေအိမ်တွေ ပျက်စီးတယ်ဗျ။ သူတို့က ဂျက်ဖိုက်တာ ပေါ်ကနေ ဗုံးသီး ၂ လုံးကြဲချပြီး ပွိုင့်ဖိုက်လို့ခေါ်တဲ့ စက်သေနတ်နဲ့ ပစ်ခတ်တာတွေ လုပ်သွားတယ်။ ပြည်သူ ၆ ဦးလည်း ဗုံးအပိုင်းအစ ထိမှန်တာတွေလည်းရှိတယ်” လို့ ပြောပါတယ်။
အခုလို စစ်ကောင်စီက လေယာဉ်နဲ့ပစ်ခတ်တာကြောင့် ဒေသခံတွေ ကြောက်လန့်ပြီး ညနေပိုင်းကစလို့ ဘေးလွတ်မယ်ထင်ရာကို ထွက်ပြေးနေကြတယ်လို့လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ခေါင်းဆောင်တွေက ပြောပါတယ်။
မြောင် CDSOM အဖွဲ့ရဲ့ တာဝန်ရှိသူ ကိုနွေဦးက လေယာဉ်နဲ့ပစ်ခတ်ခံခဲ့ရတဲ့ရွာကို သူရောက်နေပြီး တော်တော်များများ ပျက်စီးကုန်တယ်လို့ အတည်ပြုပြောဆိုပါတယ်။
“သူတို့က လေယာဉ်ပေါ်ကနေ မင်းလှရွာ စာသင်ကျောင်းရှေ့တည်တည့်ကို ဗုံးသီး ၁ လုံး ချတယ်။ အဲလိုချလို့ T ပုံသဏ္ဍာန် စာသင်ကျောင်း ၂ ထပ်ဆောင် ၁ လုံး၊ ၁ ထပ်ဆောင် ၁ လုံး ပျက်စီးတယ်။ ဘုန်းကြီးကျောင်းနဲ့ စေတီ ၁ ဆူလည်း ပျက်စီးတာတွေရှိတယ်ပေါ့။ အဲပျက်စီးတာက မင်လှရွာပေါ့ဗျာ။ နောက်ဗုံးသီး ၁ လုံးက ငါးရံ့အိုရွာက ဆေးခန်းပေါ်တည့်တည့်ကို ဗုံးသီးချလို့ ဆေးခန်းတခန်းနဲ့ ပြည်သူနေအိမ်တလုံးလည်း ပျက်စီးတယ်။ မင်းတန်းရွာကတော့ ပြည်သူ ၆ ဦးလည်း ကျည်စထိမှန် တာတွေလည်းရှိတယ်ဗျ။ နောက်လေယာဉ်တစီးလာနေပြီ ဆိုတဲ့ သတင်းရလို့ ဒေသခံတွေ ရုတ်ရုတ်သဲသဲဖြစ်နေပြီး နေရပ်ကနေ ထွက်ပြေးနေကြတယ်” လို့ ပြောပါတယ်။
ဒဏ်ရာရသူတယောက်ကိုတော့ ဆေးကုသဖို့ သူတို့ခေါ်လာခဲ့ပြီး ထိခိုက် ဒဏ်ရာရသူတွေဟာ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့လည်း ပြောပါတယ်။
အခု နိုဝင်ဘာလအတွင်း စစ်ကိုင်းတိုင်းထဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ပွားတိုင်း စစ်တပ်ဟာ လေကြောင်းကနေ ပစ်ကူပေးတာတွေဟာ အရင်ကထက် ပိုများလာပြီး အရပ်သားတွေနေတဲ့ ကျေးရွာတွေကိုလည်း အကြောင်းမဲ့ ပစ်ခတ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။