
အစိုးရအာဏာရတဲ့အခါ ပြည်သူတွေကို ဘတ်ငွေ ၁၀၀၀၀ စီ ဝေငှမယ်ဆိုပြီး ရွေးကောက်ပွဲမှာ မဲဆွယ် ကတိပေးခဲ့တဲ့ ဖွေ့ထိုင်းပါတီဟာ ပြောထားတဲ့အတိုင်း လာမယ့်နှစ်မှာ ဒစ်ဂျစ်တယ်ငွေ ဝေငှပေး တော့မှာ ဖြစ်ပါတယ်။
အဆိုပါဒစ်ဂျစ်တယ်ငွေတွေကို လာမယ့် ၂၀၂၄ ခုနှစ် မေလကျရင် တယ်လီဖုန်းအပလီကေးရှင်းထဲ ဖြည့်ပေးမှာဖြစ်ကြောင်း၊ ၆ လအတွင်းသာ သုံးစွဲရမှာဖြစ်ပြီး မိမိအမျိုးသားမှတ်ပုံတင် ကတ်လိပ်စာပါ မြို့နယ်ထဲမှာသာ သုံးစွဲခွင့်ရှိတယ်၊ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေသာ ဝယ်ယူသုံးစွဲရမယ်လို့ ထိုင်းဝန်ကြီးချုပ်လည်းဖြစ် စီမံစီးပွားနဲ့ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ ဆေ ထာထဝီးဆင်က နိုဝင်ဘာ ၁၀ ရက် ဒီနေ့မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပြောကြားပါတယ်။
ဒါ့အပြင် အဆိုပါငွေကြေးနဲ့ ဝန်ဆောင်ခ မပေးချေရ၊ အွန်လိုင်းမှ ပစ္စည်းမဝယ်ရ၊ အရက်သေစာ ဘီယာ၊ ဆေးလိပ်၊ ဆေးခြောက်၊ ဘိန်းစာရွက် အစရှိသော မူးယစ်ဆေးဝါးတွေ ဝယ်ယူခွင့်မရှိ၊ ရွှေ၊ ငွေ၊ စိန်ထည်၊ ချက်လက်မှတ်အစရှိ ဇိမ်ခံပစ္စည်း ဝယ်ခွင့်မရှိဘူးလို့ ဆိုပါတယ်။
အဆိုပါငွေနဲ့ အကြွေးမဆပ်ရ၊ ကျောင်းလခမသွင်းရ၊ ရေဖိုး၊ မီးဖိုး၊ တယ်လီဖုန်းဘေလ်နဲ့ ဓာတ်ဆီဖိုး မပေးရ၊ ဒစ်ဂျစ်တယ်လ်ငွေကို ငွေသားအဖြစ်လဲလှယ်လို့မရ၊ ဈေးကွက်မှာလည်း အလဲအလှယ်မလုပ်ရ၊ တပါးသူအား လွှဲပြောင်းပေးခြင်းမပြုရ စတဲ့စည်းကမ်းချက်တွေလည်း ပါဝင်ပါတယ်။
ဒစ်ဂျစ်တယ်ငွေ ရခွင့်ရှိသူမှာ အသက် ၁၆ နှစ်ပြည့်ပြီးသူ ထိုင်းနိုင်ငံသား၊ ဝင်ငွေ တလ ဘတ် ၇၀၀၀၀ ထက်မပိုသူ၊ ဘဏ်ထဲမှာ စုငွေ ၅ သိန်းထက် ပိုမရှိသူတွေဖြစ်ပြီး ငွေယူဖို့ မှတ်ပုံတင်ရမှာဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်ငွေတွေကို ထိုင်းနိုင်ငံသားဦးရေ သန်း ၅၀ အတွက် ဝေငှပေးဖို့ ရည်ရွယ်ထားတယ်လို့ ဝန်ကြီးချုပ်က ပြောသွားပါတယ်။
ဒီလိုစည်းကမ်းချက်တွေ မထွက်ပေါ်ခင်ကတော့ ရန်ပုံငွေ ဘတ်သန်းပေါင်း ၅၆၀ , ၀၀၀ ( ၅ သိန်း ၆ သောင်း) သုံးစွဲရမှာဖြစ်ပြီး ငွေတွေ ဘယ်ကနေ ယူမလဲဆိုတာကို ပွင့်လင်းစွာ မချပြနိုင်တဲ့အတွက် အငြိမ်းစားဘဏ္ဍာရေးဝန်ထမ်းဟောင်းတွေ၊ စီးပွားရေးပညာရှင်တွေ၊ လေ့လာအကဲဖြတ်သူတွေက နိုင်ငံတော်ဘဏ္ဍာ ကမောက်ကမဖြစ်မှာစိုးလို့ ကန့်ကွက်ခဲ့ကြပါတယ်။
တချို့ကလည်း ဒစ်ဂျစ်တယ်လ်ငွေဖြည့်ပေးတဲ့စနစ်ဟာ ဆင်းရဲသား၊ အခြေခံလူတန်းစား၊ တောသူ တောင်သားတွေအတွက် အလှမ်းမမီနိုင်လို့ ဆင်းရဲမွဲတေမှုပြဿနာဖြေရှင်းနိုင်မှာ မဟုတ်ဘဲ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေကသာ အကျိုးအမြတ်ပိုရမှာ ဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။











