
“၁၀၂၇ လှိုင်းတွေကို အောင်သပြေနဲ့ကြိုဆို ဖက်ဆစ်စစ်တပ်ကိုစွန့်ခွာကြ ပြည်သူ့ရင်ခွင်ခိုလှုံကြ” ဆိုတဲ့ လူထုလှုပ်ရှားမှုတခုကို နိုဝင်ဘာ ၁၁ ရက်မှာ ပြုလုပ်မှာဖြစ်လို့ လူထုတရပ်လုံး ပါဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်း နှိုးဆော်နေကြပါတယ်။
လူထုလှုပ်ရှားမှုရဲ့ အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံအနှံ့က အောင်ပွဲတွေကို လူထုက သပြေခက်နဲ့ကြိုဆိုပြီး စစ်ကောင်စီအတွက် တိုက်ပွဲဝင်နေတဲ့ တပ်မတော်သားတွေကိုလည်း အလင်းဝင်ရောက်ကာ ပြည်သူနဲ့ပူးပေါင်းဖို့ နှိုးဆော်တာ ဖြစ်တယ်လို့ ဖက်ဆစ်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု ဦးဆောင်သူ ကိုနန်းလင်းက ပြောပါတယ်။
“တိုင်းရင်းသားမဟာမိတ်များရဲ့ ၁၀၂၇ စစ်ဆင်ရေး အပါအဝင် နွေဦးတော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြသူ အပေါင်းကို ကျနော်တို့ မိဘပြည်သူများက ထောက်ခံတယ်၊ အားပေးတယ်၊ ရပ်တည်တယ်၊ အောင်ပွဲတွေအတွက် ဂုဏ်ပြုတယ်၊ ကြိုဆိုတယ်ဆိုတဲ့ သတင်းစကားပေးလိုတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ဒီသတင်းစကားကို ကျနော်တို့ ပြည်သူတွေက ဝိုင်းဝန်းပြီးတော့ သပြေခက်တွေနဲ့ ပုံဖော်ကြဖို့ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုများရဲ့ အောင်ပွဲကိုလည်း ကြိုဆိုမယ်၊ အောင်ပွဲတွေကိုလည်း စောင့်မျှော်လျက်ရှိသလို တဖက်က ကျနော်တို့ မြန်မာပြည်သူများ ကျနော်တို့ တော်လှန်ရေး အင်အားစုများနဲ့ ပူးပေါင်းပါဝင်လာတဲ့ မြန်မာ့တပ်မတော်သားများကိုလည်း ကျနော်တို့ ပြည်သူတွေက နွေးထွေးပျူငှာစွာနဲ့ ကြိုဆိုလျက်ရှိတယ်၊ ပူးပေါင်းကြပါဆိုတဲ့ ဒီသတင်းစကားကို ပေးချင်တာဖြစ်ပါတယ်။”
နိုဝင်ဘာ ၁၁ ရက်မှာ သပြေခက်ကို ကိုယ်ပါဝင်နိုင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ဖော်ပြပြီး ပူးပေါင်းပါဝင်ကြဖို့ကိုလည်း တိုက်တွန်းပြောပါတယ်။ အောက်ခြေစစ်သားတွေအနေနဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ စေခိုင်းရာအတိုင်း ဆက်ပြီး မလိုက်နာဖို့နဲ့ ပြည်သူ့ရင်ခွင် အမြန်ဆုံး ခိုလှုံကြဖို့ကို နွေဦးတော်လှန်ရေး ဦးဆောင်သူတွေထဲက တယောက်ဖြစ်တဲ့ ကိုတေဇာဆန်းက တိုက်တွန်းပြောပါတယ်။
“သပြေဆိုတာကတော့ ပြည်သူလူထုအများ လက်တကမ်းမှာ အလွယ်တကူ တွေ့ရှိနိုင်တဲ့ လက်လှမ်းမီတဲ့ပန်း ဖြစ်ပါတယ်။ ၁၁ ရက်နေ့မှာ သပြေပန်းတွေကို ဘုရားမှာ လှူကြမယ်ဗျာ၊ တင်ကြမယ်၊ ခေါင်းမှာပန်မယ်၊ ရင်မှာထိုးမယ် စတဲ့ပေါ့၊ သပြေနဲ့ ဆက်စပ်ပတ်သက်တဲ့ မည်သူ့လှုပ်ရှားမှုသဏ္ဌာန်မျိုးစုံနဲ့မဆို မိမိတို့ဉာဏ်ရှိသလို ဖော်ဆောင် ဆင်နွှဲကြဖို့ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့မှာ အောင်သပြေတွေက တနိုင်ငံလုံး အွန်လိုင်းမှာရော မြေပြင်မှာရော တနိုင်ငံလုံး ဝေဆာနေရမယ်ဗျာ။ ဒီလက်တဆုပ်စာ စစ်ဗိုလ်ချုပ်ဆိုးတစုကို ဆက်ပြီးတော့ ဩဇာခံနေဦးမှာလား၊ ဒီအဘဆိုး အဘပဲ့တွေကို ဆက်ပြီးတော့ အသေခံပြီးတော့ ကာကွယ်ပေးနေဦးမှာလား၊ သို့မဟုတ် ကျနော်တို့ ပြည်သူနဲ့အတူ ပြည်သူ့ရင်ခွင်ဘက်ကို အမှန်တရားဘက်ကို ပြောင်းလဲရပ်တည်လာကြမှာလား ဆိုတာကို ကျနော်တို့ လေးလေးနက်နက် တိုက်တွန်းချင်ပါတယ်။”
လုံခြုံရေးတွေ တင်းကျပ်နေတဲ့ကြားက လူထုအနေနဲ့ ကိုယ်တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ပဲ ကိုယ့်သဘောထား ဆန္ဒထုတ်ဖော်ပြသပေးဖို့ကို ကိုတေဇာဆန်းက ထပ်မံတိုက်တွန်းထားပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ် အဖွဲ့တွေရဲ့ ပူးပေါင်းစစ်ဆင်ရေးက ၁၄ ရက်ကျော်ကာလမှာ စစ်ကောင်စီရဲ့ ဗျူဟာကုန်း၊ စခန်းကြီး၊ စခန်းငယ်၊ အပါအဝင် တပ်စခန်းစုစုပေါင်း ၁၅၀ လောက်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေကလည်း စစ်ကိုင်း၊ ကရင်နီနဲ့ ချင်းပြည်နယ်တို့မှာ စစ်ဆင်ရေးတွေ လုပ်ဆောင်နေပြီး မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်နေတယ်လို့ သိရပါတယ်။











