DVB Logo
Home
နိုင်ငံတကာ
အစ္စရေးက တရက်ကို ၄ နာရီကြာ တိုက်ပွဲရပ်နားပေးမည်
DVB
·
November 10, 2023
အစ္စရေးက တရက်ကို ၄ နာရီကြာ တိုက်ပွဲရပ်နားပေးမည်
Donate to DVB

ဂါဇာကမ်းမြောင် မြောက်ပိုင်းဒေသတွေမှာ အရပ်သားတွေ ထွက်ခွာသွားနိုင်အောင်  တရက်ကို ၄ နာရီကြာ တိုက်ပွဲတွေ စတင်ရပ်နားထားပေးဖို့ အစ္စရေးက သဘောတူထားကြောင်း အိမ်ဖြူတော်က နိုဝင်ဘာ ၉ ရက်မှာ ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အစားအစာ၊ ရေနဲ့ ဆေးဝါးတွေ စီးဆင်းမှု တိုးမြင့်လာစေဖို့အတွက် နေ့စဉ် ကယ်ဆယ်ရေးထရပ်ကား အစီးရေ ၁၅၀ အထိ ရောက်ရှိစေဖို့ ရည်ရွယ်ထားပြီး ဒေသတွင်းမှာ စစ်ဆင်ရေးတွေ ခေတ္တရပ်နားထားပေးဖို့ အရေးကြီးကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။

အမေရိကန်ဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးနဲ့ အကူအညီတွေ တိုးမြှင့်ရေးအပေါ် အာရုံစိုက်နေကြောင်း  သမ္မတ ဘိုင်ဒင်က  X လူမှုမီဒီယာမှာ ပို့စ်တွေ ဆက်တိုက်ရေးသားခဲ့တာပါ။

အရပ်သားတွေကို ဘေးကင်းစေရေး၊ ဓားစာခံတွေ လွှတ်ပေးရေး၊ ဂါဇာကမ်းမြောင်ဆီ ရိက္ခာ၊ ရေနဲ့ ဆေးဝါးတွေ များများပို့ဆောင်ပေးနိုင်ရေးတွေအတွက် လူသားချင်းစာနာထောက်ထားမှု အရ တိုက်ပွဲတွေ ခေတ္တရပ်ထားဖို့ အရေးကြီးကြောင်းကို အစ္စရေး ခေါင်းဆောင်တွေနဲ့ ရက်သတ္တပတ်တွေချီပြီး ပြောခဲ့ကြောင်း ဘိုင်ဒင်က ရေးထားပါတယ်။

“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ တိုးမြင့်လာဖို့အတွက် အစွမ်းကုန် လုပ်ဆောင်နေကြောင်းနဲ့ ပြီးခဲ့တဲ့ ၂ ရက်က ထောက်ပံ့ရေး ကုန်တင်ကား ၉၆ စီးနဲ့ မနေ့က ကုန်တင်ကား ၁၀၆ စီး စေလွှတ်ခဲ့ကြောင်း၊ ဒါပေမဲ့ နောက်ထပ်ပေးပို့ဖို့ လိုအပ်နေပြီး သိပ်မကြာခင်မှာ တနေ့ကို အနည်းဆုံး အစီး ၁၅၀ နေ့တိုင်းသွားခွင့်ရဖို့ ရည်မှန်းထားပါတယ်” လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး အပျက်အစီးတွေ ပုံထပ်နေတဲ့ ကမ်းမြောင်ဒေသမှာ တိုက်ပွဲတွေရပ်တန့်မယ့် အရိပ်အယောင် မတွေ့ရဘူးလို့လည်း ဆိုပါတယ်။

တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ ဂါဇာကနေ လူတွေ၊ ဓားစာခံတွေ ထွက်ပြေးလို့ရနိုင်မယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်း ၂ ခု ရှိလာလိမ့်မှာဖြစ်ပြီး ဓားစာခံတွေ လွတ်မြောက်ရေးနဲ့ လူထောင်ပေါင်းများစွာ ဘေးကင်းရာရောက်အောင် အသုံးပြုနိုင်မယ် လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ရှင်းရှင်းပြောရရင် အစ္စရေးကသာ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ချမှာဖြစ်ကြောင်းလည်း ဘိုင်ဒင်က ရေးထားပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု ကတော့ နေရာကွက်ပြီး ရပ်နားဖို့ အကြံပြုထားတာရှိပေမဲ့ အကြိမ်ကြိမ် စစ်ပွဲရပ်နားပေးမယ့် အစီအစဉ်ကို တရားဝင် အတည်ပြုခြင်း မရှိသေးပါဘူး။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013