
မြန်မာ ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းတခုဖြစ်တဲ့ Golden Myanmar အဲလိုင်းဟာ စက်တင်ဘာလ ၂၃ ရက်နေ့က စပြီး မြန်မာနိုင်ငံ ရန်ကုန်နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို တိုက်ရိုက် လေကြောင်း ခရီးစဉ် စတင်ပြေးဆွဲမယ်လို့ အဲလိုင်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
လေယာဉ်ခရီးစဉ်တွေအဖြစ် တပတ်ကို ၃ ရက် အင်္ဂါ၊ ကြာသပတေးနဲ့ စနေနေ့တွေမှာ ပြေးဆွဲမှာဖြစ်ပါတယ်။
လေယာဉ်အချိန်ကတော့ ရန်ကုန်ကနေ မနက် ၆ နာရီ ၃၀ မိနစ် ထွက်ခွာမှာဖြစ်ပြီး ချင်းမိုင်ကို ဒေသစံတော်ချိန် မနက် ၈နာရီ ၂၀မိနစ် ရောက်ရှိမှာပါ။ ချင်းမိုင်ကနေ မနက် ၉နာရီ ၅ မိနစ် လေယာဉ်ပြန်လည်ထွက်ခွာလာမှာဖြစ်ပြီး ရန်ကုန်ကို မြန်မာစံတော်ချိန် ၉နာရီ ၅၅မိနစ် ပြန်လည်ရောက်ရှိမယ်လို့ ဆိုပါတယ်။
လေယာဉ်လက်မှတ်ခတွေကတော့ အသွားအပြန်လက်မှတ်ခ အနည်းဆုံး အမေရိကန် ဒေါ်လာ ၁၁၁ ကနေ အများဆုံး ၁၃၁ ဒေါ်လာထိ အချိန်အခါအလိုက် အပြောင်းအလဲရှိနိုင်ပြီး ခရီးစဉ်တကြောင်းတည်းဆိုရင် အနည်းဆုံး ၅၉ ဒေါ်လာကနေ ၇၉ ဒေါ်လာထိ ရှိတယ်လို့ ဒီလေကြောင်းလိုင်းရဲ့ လက်မှတ်အရောင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
လက်ရှိ ရန်ကုန်- ချင်းမိုင်ခရီးစဉ်ကို အဲပုဂံလေကြောင်းလိုင်း တခုတည်းသာ တပတ် ၂ ကြိမ် ကြာသပတေးနဲ့ တနင်္ဂနွေနေ့တွေမှာ ပြေးဆွဲပေးနေပါတယ်။
လာမယ့် လကျရင် ခရီးသွားရာသီ စတင်တော့မှာဖြစ်သလို ချင်းမိုင်မြို့ဟာလည်း ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ နေရာဖြစ်လို့ ချင်းမိုင်ကနေတဆင့် နိုင်ငံခြားသားတွေ မြန်မာပြည်ကို ၀င်လာဖို့ မျှော်လင့်ထားပြီး မြန်မာတွေလည်း ဈေးနှုန်းချိုချိုသာသာနဲ့ ချင်းမိုင်ကို သွားလာလည်ပတ်နိုင်အောင် လေယာဉ်ခရီးစဉ် တိုးချဲ့ပြေးဆွဲတာလို့ Golden Myanmar လေကြောင်းလိုင်း ပြည်သူ့ဆက်ဆံရေးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။










