
ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းကို ဟားမတ်စ်တို့ ထိန်းချုပ်မှု ဆုံးရှုံးခဲ့ပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ တောင်ဘက်ကို ရွှေ့ပြောင်းခဲ့ကြတယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက နိုဝင်ဘာ ၈ ရက် ပြောပါတယ်။
“ဂါဇာကမ်းမြောင် မြောက်ပိုင်းကနေ တောင်ပိုင်းကို ဂါဇာလူမျိုး ငါးသောင်းလောက် ရွှေ့လာတာကို တွေ့ခဲ့ရကြောင်းနဲ့ မြောက်ပိုင်းမှာ ဟားမတ်စ်တွေ ထိန်းချုပ်မှု ဆုံးရှုံးသွားပြီး ပိုဘေးကင်းတဲ့ နယ်မြေဖြစ်တဲ့ တောင်ဘက်ကတော့ ဆေးဝါး၊ ရေနဲ့ အစားအစာ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ရရှိပြီး ပိုလုံခြုံတယ်လို့ နားလည်တဲ့အတွက် ရွှေ့ပြောင်းလာကြတာဖြစ်ကြောင်း” ဟာဂါရီက ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေး ရှိလာမှာ မဟုတ်ပေမဲ့ တောင်ဘက်ကို ပြောင်းရွှေ့မယ့် ဒေသခံတွေကို အခွင့်အရေးပေးဖို့အတွက် သီးခြားအချိန်တွေမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တိုက်ပွဲ ခနရပ်နားပေးမှုတွေကို အစ္စရေးက ခွင့်ပြုထားကြောင်းလည်း ဟာဂါရီက ဆိုပါတယ်။
အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တို့ အသုံးပြုတယ်လို့ဆိုတဲ့ ဥမင်လိုဏ်ခေါင်းတွေရဲ့ တည်နေရာနဲ့ ဖျက်ဆီးပစ်မှုတွေကို ပြသထားတဲ့ ဗီဒီယိုဖိုင်တွေကို နိုဝင်ဘာ ၈ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
တိုက်ခိုက်ရေးအင်ဂျင်နီယာတွေဟာ ဂါဇာကမ်းမြောင် အောက်ရှိ ကီလိုမီတာ ရာနဲ့ချီ ရှည်လျားတဲ့ ဟားမတ်စ် ဥမင်လိုဏ်ခေါင်းကွန်ရက်ကို ဖျက်ဆီးဖို့ ဖောက်ခွဲရေးပစ္စည်းတွေကို အသုံးပြုနေကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
အခုချိန်အထိ စစ်တပ်က ဥမင်လိုဏ်ခေါင်းပေါက်ပေါင်း ၁၃၀ ကို ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
Source/Photo-Reuters