DVB Logo
Home
မြန်မာသတင်း
သီလ၀ါ အက်စ်အီးဇက် ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ပြည်သူများ ပိုင်ဆိုင်
DVB
·
August 15, 2014
သီလ၀ါ အက်စ်အီးဇက် ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ပြည်သူများ ပိုင်ဆိုင်
Donate to DVB

မြန်မာ သီလ၀ါ SEZ ဟိုးဒင်း အများပိုင်ကုမ္ပဏီရဲ့ ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို အများပြည်သူက ပိုင်ဆိုင်တယ်လို့ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ မြန်မာ သီလ၀ါ SEZ ဟိုးဒင်း အများပိုင်ကုမ္ပဏီက လက်ရှိ ဆောင်ရွက်ထားတဲ့ လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး ပွင့်လင်းမြင်သာမှု ရှိစေဖို့ ရှယ်ယာရှင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။ တွေ့ဆုံပွဲကိုလည်း မြန်မာပြည်အနှံ့က အစုရှယ်ယာရှင်ပေါင်း ထောင်နဲ့ ချီပြီး တက်ရောက်ခဲ့ပါတယ်။

thilawa photoဒီတွေ့ဆုံပွဲမှာ မြန်မာ သီလ၀ါ SEZ ဟိုးဒင်း အများပိုင်ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဦးဝင်းအောင်က လက်ရှိ ရှယ်ယာပိုင်ဆိုင်ထားရှိမှုအခြေအနေနဲ့ စပ်လျဉ်းပြီး မူလစတင် တည်ထောင်ခဲ့တဲ့ အများပိုင်ကုမ္ပဏီ ၉ ခုက ကုမ္ပဏီ၁ ခုကို ရှယ်ယာ ၅ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ခွင့် ရရှိပြီး ကျန်ရှိတဲ့ ရှယ်ယာ ၅၅ ရာခိုင်နှုန်းကိုတော့ အများပြည်သူတွေကသာ ပိုင်ဆိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အစုရှယ်ယာတွေကို အများပြည်သူတွေ ၀ယ်ယူနိုင်ဖို့အတွက် ပြီးခဲ့တဲ့ မတ် ၁ ရက်ကစပြီး အစု ၁ စုကို ကျပ် ၁ သောင်းနှုန်းနဲ့ အစုပေါင်း ၂ သန်းကျော် ရောင်းချမယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ၀ယ်ယူမှုပမာဏက ခန့်မှန်းထားတာထက် ကျော်လွန်ပြီး အစုပေါင်း ၃ သန်း ၃ သိန်း ၁၇,၂၂၈ စု ရောင်းချနိုင်ခဲ့တဲ့အတွက် တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၃၃၁၇၂ ဒသမ ၂၈ ရရှိထားပြီ ဖြစ်တယ်လို့ ဒါရိုက်တာအဖွဲ့ဝင် ဦးသိန်းဟန်က ငွေစာရင်းရှင်းတမ်းနဲ့ ပတ်သက်လို့ ပြောဆိုခဲ့ပါတယ်။

ဒီနောက် မြန်မာသီလ၀ါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင် ကလည်း စီးပွားဇုန်နဲ့ ပတ်သက်လို့ ဖော်ဆောင်သွားမယ့်လုပ်ငန်းအခြေအနေ အပါအ၀င် ရှယ်ယာရှင်တွေရဲ့ အကျိုးခံစားခွင့်တွေနဲ့ စပ်လျဉ်းပြီး အခုလို ပြောဆိုခဲ့ပါတယ်။

“အများပိုင် ကုမ္ပဏီကြီးကနေပြီးတော့ တိုက်ရိုက်အကျိုးအမြတ်ကို ရပါလိမ့်မယ်။ ဒါတင်မကသေးပဲ အများပိုင် ကုမ္ပဏီကြီးကနေပြီးတော့ အထူးစီးပွားရေးဇုန်ထဲမှာ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှာတွေလည်း ရှိတယ်။ အဲဒီတော့ ဒီအများပိုင်ကုမ္ပဏီက တိုက်ရိုက် အကျိုးအမြတ်တွေကော တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေမှာပါ ရှယ်ယာဝင်ထားသူတွေဟာ ခံစားရမှာဖြစ်ပါတယ်။”

သီလ၀ါအထူးစီးပွားရေးဇုန်ကို လာမယ့် ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းကစလို့ စီးပွားဖြစ် စတင်လည်ပတ်နိုင်မယ်လို့ မျှော်မှန်းထားရှိပြီး မြန်မာနိုင်ငံမှာ ဒီစီးပွားရေးဇုန်က ပထမဆုံး နိုင်ငံတကာအဆင့်မီ တည်ဆောက် အကောင်အထည်ဖော်တဲ့စီမံကိန်းကြီးလည်းဖြစ်လို့ အလုပ်အကိုင်အခွင့်အလမ်း ၂ သိန်းကျော် ဖန်တီးပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013