
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟိုင်လုံးကျန် ပြည်နယ်မှာရှိတဲ့ ကိုယ်ကာယလေ့ကျင့်ရေး ကလပ်တခုရဲ့ အဆောက်အဦ ပြိုကျခဲ့တာကြောင့် လူ ၃ ဦး သေဆုံးကာ နောက်ထပ် ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက နိုဝင်ဘာ ၇ ရက်မှာ အတည်ပြုပါတယ်။
အခင်းဖြစ်ပွားရာ ဟွမ်နန်ကောင်တီ၊ ဂျီယာမြူစီမြို့ရှိ ယုချန်း အမည်ရ အားကစားရုံထဲမှာ စုစုပေါင်းလူ ၇ ဦး ရှိနေခဲ့တာဖြစ်တယ်လို့ အစိုးရအရာရှိတွေနဲ့အတူ နိုင်ငံပိုင်မီဒီယာမှာပါ ဖော်ပြထားပါတယ်။
မျက်မြင်သက်သေတဦးရဲ့ ဗီဒီယိုမှတ်တမ်းထဲမှာတော့ ဒေသခံတွေက ပြိုကျပျက်စီးနေတဲ့ အဆောက်အအုံထဲ ဝင်ရောက်လာခဲ့ကြပြီး နှင်းတွေဖုံးလွှမ်းနေတဲ့ အပျက်အစီးပုံအောက် အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေကြပါတယ်။
ကနဦးအစီရင်ခံမှုအရ ဒီဖြစ်ရပ်အတွင်း ပိတ်မိနေသူ ၃ ဦးဟာ ကလေးငယ်တွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒေသစံတော်ချိန် ည ၇ နာရီ ၂၀ မိနစ်မှာ ဒီပြိုကျမှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြထားပေမဲ့ အကြောင်းရင်းကိုတော့ ချက်ချင်းမသိရသေးပါဘူး။
ဒါ့အပြင် တရုတ်နိုင်ငံရဲ့ မြောက်ဘက်အကျဆုံးသော ဒီပြည်နယ်မှာ အအေးဒဏ်ပြင်းထန်မှုနဲ့ နှင်းမုန်တိုင်း ကျရောက်မှုကြောင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး ပြတ်တောက်ကာ စာသင်ကျောင်းတွေကိုပါ ပိတ်ထားခဲ့ရပါတယ်။
Source/Photo-Reuters










