Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်မှု ရှိလာနိုင်သဖြင့် ကောလင်းမြို့ခံများ မြို့ကို စွန့်ခွာ 
DVB
·
November 7, 2023

တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ ကောလင်းမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ပြန်တိုက်ခိုက်မှာကို  စိုးရိမ်ရတဲ့အတွက် မြို့ခံတွေ မြို့ကို စွန့်ခွာသွားနေကြသလို လေကြောင်းရန်အတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ နယ်ခံ နိုင်ငံရေးစစ်ရေးလေ့လာသူက တိုက်တွန်းပါတယ်။ 

စစ်ကိုင်းတိုင်း ကောလင်းခရိုင်၊ ကောလင်းမြို့ကို နိုဝင်ဘာ ၆ ရက်နေ့မှာ  PDF ပူးပေါင်းအဖွဲ့တွေက သိမ်းယူနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ခဲ့ပြီး နိုဝင်ဘာ ၇ ရက်နေ့မနက်ပိုင်းမှာ ကောလင်းမြို့ပေါ်မှာ ပြည်သူ့တော်လှန်ရေးအလံတော်ကို လွှင့်ထူခဲ့ပါတယ်။

ကောလင်းကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူနဲ့ ပြန်လည် အကြမ်းဖက်တိုက်ခိုက်တာမျိုး ဖြစ်လာနိုင်တဲ့အတွက် တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေဘက်က ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ဦးစိုးဝင်းဆွေက တိုက်တွန်းပါတယ်။

"စစ်တပ်က ဒီအတိုင်းထိုင်နေမှာမဟုတ်ဘူး မြို့ကိုရအောင်ပြန်ပြီးတော့ လက်နက်ကြီးတွေ လေကြောင်း ပစ်ကူတွေနဲ့ ပြန်စီးမယ်ဆိုတာမျိုး မျှော်လင့်ထားရမယ်ထင်တယ်။ ပြီးတော့လည်း ရေရှည်ထိန်းနိုင်အောင် ဘယ်လိုကာကွယ်ရေးအစီအမံတွေလုပ်မလဲ။ နောက် အရန် ကျည်ဖြည့်တင်းမှု ထောက်ပို့လမ်းကြောင်းဖြည့်တင်းမှုတွေကို ဒီအပိုင်းတွေမှာလည်း နောက်ဆက်တွဲ လုပ်ရမှာတွေ အများကြီးရှိမယ်ထင်ပါတယ်။ ဖက်ဆစ်တပ်က ပြန်တိုက်ခိုက်တဲ့အ ခါမှာ ကျနော်တို့က သူ့ရဲ့စစ်မျက်နှာကို ကျယ်နိုင်သမျှကျယ်အောင် ဆန့်ထုတ်ပေးဖို့ လိုမယ်ထင်တယ်ပေါ့။ တခြားဒေသ နီးစပ်ရာနေရာတွေကနေလည်း တပြိုင်နက်တည်း ဟန်ချက် ညီစစ်ဆင်ရေး ဟန်ချက်ညီတိုက်ပွဲတွေ ဖော်ဆောင်ပေးဖို့တော့လိုမယ်ထင်တယ်ဗျ။ မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲတဲ့အခါမှာ စစ်ဇုန်အတွင်းမှာ ပိတ်မိနေတဲ့ ပြည်သူတွေရှိနိုင်တယ်ဗျ။ ဒီလို ပြည်သူတွေအတွက် စားစရာ ဆေးဝါးထောက်ပံ့မှုတွေကိုလည်း တပြိုင်နက်တည်းစဉ်းစားမယ်၊ ဘယ်လို ကူညီမလဲပေါ့၊ ဒီအပိုင်းတွေကလည်း စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီ တပါတည်းပါ ဖို့လိုမယ်ထင်ပါတယ်။"

ကောလင်းမြို့က စစ်ကောင်စီလက်ကျန်တပ်သားတွေ ဝန်းသိုမြို့ဘက် ဆုတ်ခွာသွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်တွေက မြို့ထဲရှင်းလင်းရေးပြုလုပ်ရာမှာ ပြည်သူ ၆ ယောက် ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိထားတယ်လို့ ကောလင်းမြို့ခံတယောက်က ပြောပါတယ်။

၄ ရက်ကြာတိုက်ပွဲမှာ PDF တွေဘက်က ရဲဘော် ၃ ယောက်ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးများခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် လက်ရှိအချိန်အထိ NUG ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်တာမရှိသေးပါဘူး။

ကောလင်းမြို့ခံတဦးက “မြို့ထဲက ပြည်သူတွေကတော့ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေး အဖွဲ့တွေကနေပြီးတော့ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေတယ်လို့ ကနဦးသိထားရတယ်ဗျ။ ပြည်သူလူထု ထိခိုက်မှုတွေရှိတယ်လို့လည်း နယ်မြေရှင်းလင်းရေး လုပ်နေတဲ့အဖွဲ့တွေဆီကနေ ပြန်သိရတယ်ဗျ။ စစ်ကောင်စီရဲ့ လေကြောင်း ရမ်းသန်းကြဲမှုကြောင့် ထိတယ်လို့ ပြောတယ်။ အဲဒီမှာ ဒေသခံအလောင်း ၆ လောင်းလောက်တောင်ရထားပြီလို့ မနက်ခင်း ၈ နာရီ နောက်ပိုင်းလောက်အထိ ရထားတဲ့သတင်းအရ သိရတယ်။ ပြည်သူလူထု ကျဆုံးနေတာ တွေ့ရတယ်လို့ ပြောတယ်။ တချို့ဒေသခံတွေကတော့ ကြောက်လန့်ပြီးတော့ မြို့ပြင်ကို ထွက်နေကြတာတွေ ရှိတယ်။ တချို့ဒေသခံတွေကျတော့ မြို့ထဲကို ပြန်လာပြီး သူတို့ယူစရာရှိတာ ပြန်လာယူကြတာကို ဒီနေ့မနက်မှာ တွေ့ရတယ်ဗျ။ ပြည်သူလူထုကတော့ စိုးရိမ်မှုရှိကြတယ်ဗျ။ စိုးရိမ်မှုရှိတဲ့အတွက်လည်း မြို့ထဲကနေ သူတို့ ထွက်နေကြတာပေါ့။ ဒေသကာကွယ်ရေးအဖွဲ့တွေ ကတော့ သူတို့လုပ်စရာရှိတာ ဆက်လုပ်နေကြတာပေါ့။ စစ်ကောင်စီဘက်ကတော့ ထိုးစစ်ဆင်ဖို့ ပြင်နေမှာပဲလေ။ ကျနော်တို့ ပြည်သူလူထုအနေနဲ့ အသိ သတိရှိပြီးတော့ ရှောင်နိုင်ဖို့ လိုတယ်လို့ပဲ ပြောချင်ပါတယ်။ မြို့အထပ်မြင့်အဆောက်အဦတွေမှာ စကစက နေရာယူပြီး ခံပစ်တာဆိုတော့ အဲ့မှာရှိတဲ့ အဆောက်အဦတချို့ကတော့ ပျက်စီးမှုရှိတယ်ဗျ။ ဖုန်းရှိနေသေးတယ် ဆိုရင်တော့ ဒေသခံအချင်းချင်း ဆက်သွယ်လို့ရတာပေါ့။ ဘယ်မှာတော့ ဘယ်မှာတော့ လေယာဉ်လာနေပြီ၊ စစ်ကြောင်းရှိတယ်ဆိုတာ ပြောလို့မရအောင် သူတို့ဘက်က ဖြတ်တောက်ပစ်တဲ့ပုံစံမျိုးလို့ ယူဆရတယ်ဗျ။"

ခရိုင်အဆင့်မြို့ကို NUG PDF နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပထမဆုံးအကြိမ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းယူနိုင်ခဲ့ပါတယ်။

ကောလင်းမြို့ကို သိမ်းယူနိုင်ဖို့ နိုဝင်ဘာ ၂ ရက်နေ့မှာ စတင်တိုက်ပွဲဝင်ခဲ့တာဖြစ်ပြီး အချိန် ၄ ရက်ကြာချိန်မှာ နောက်ဆုံးလက်ကျန် အ.ထ.က ၁ ကျောင်းမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်သားတွေက ၅ ယောက်တဖွဲ့ အလံဖြူထောင်ပြီး အညံ့ခံခဲ့ကြတာပါ။ 

PDF တွေက ကောလင်းရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့မှာ အခြေချထားတဲ့ စစ်ကောင်စီတပ်သားတွေကို အဆင့်ဆင့်တိုက်ခိုက်သိမ်းယူခဲ့ရတာဖြစ်ပါတယ်။

သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က “ပထမဦးဆုံး ခရိုင်အဆင့်ရှိတဲ့ မြို့တမြို့ကို သိမ်းပိုက်နိုင်တာပေါ့နော်။ အဲဒီအတွက်လည်း ကျနော်တို့ သမ္မတရုံးက ဝမ်းမြောက်ဂုဏ်ယူကြောင်း ထုတ်ပြန်ကြေညာပါတယ်။ ကျနော်တို့အားလုံးက တိုက်ခိုက်တဲ့ ရဲဘော် ရဲမေတွေအားလုံးကို ဂုဏ်ယူတယ်။ အသက်ပေးရတဲ့ ဒဏ်ရာရတဲ့ သူရဲကောင်းတွေအားလုံးကိုလည်း ဦးညွတ်အလေးပြုတယ်ဆိုတာ ပြောချင်ပါတယ်။ ပြည်သူလူထုအနေနဲ့ တော်လှန်ရေးအင်အားစုတွေအားလုံးအနေနဲ့ ညီညီညွတ်ညွတ်နဲ့ ပိုမိုအားထုတ် ဆက်လက်တိုက်ပွဲဝင်ခြင်းအားဖြင့် ဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်က ခြေမှုန်းနိုင်မှာဖြစ်ပါတယ်ခင်ဗျ။”

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ရှမ်းပြည်မြောက်ပိုင်းထိုးစစ်၊ အနောက်မြောက်တိုင်းစစ်ဒေသ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကချင်၊ ကရင်နီ၊ ကရင်၊ ရခိုင် စတဲ့တိုင်းရင်းသားဒေသအားလုံးလိုလိုမှာ စစ်မျက်မှာဖွင့်နေရတဲ့အတွက် စစ်ကောင်စီဟာ ဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ကောလင်းမြို့ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာန စစ်ဒေသ အမှတ် ၁ မှာ ပါဝင်တဲ့မြို့ဖြစ်ပြီး တိုင်းနဲ့ပြည်နယ်အလိုက် စစ်ဒေသအသီးသီးက PDF တွေကိုလည်း ပြင်ဆင်မှုတွေ အပြင်းအထန်ပြုလုပ်ဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားတယ်လို့ မြေပြင် PDF ခေါင်းဆောင်တွေက ပြောပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024