Home
မြန်မာသတင်း
မန္တလေးတွင် ရဲတပ်ဖွဲ့ဝင်များက ဆိုင်ကယ်များကို ဖမ်းဆီး ငွေညှစ်နေ
DVB
·
November 7, 2023

မန္တလေးမြို့ပေါ်ရှိ လူသွားလူလာများတဲ့ လမ်းမတွေပေါ်မှာ ညနေ ၆ နာရီကစပြီး ည ၁၂ နာရီအထိ လက်နက်ကိုင်ရဲ ၇ ယောက်ပါ တအုပ်စု စုပြီး ဆိုင်ကယ်တွေကို အဓိကထား စစ်ဆေးကာ မသင်္ကာတာတွေ့ရှိပါက ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဆိုင်ကယ်တွေကို စစ်ဆေးတဲ့အခါမှာ တူးဘောက်၊ လူလိုင်စင်၊ ဆိုင်ကယ်လိုင်စင်၊ လက်ကိုင်အိတ်နဲ့ ဖုန်းတွေပါ စစ်ဆေးပြီး လူလိုင်စင် မပြည့်စုံပါက ၃ သောင်းကျပ်နဲ့ ဆိုင်ကယ်လိုင်စင် မပါပါက ၁ သိန်းကျပ်ဆိုပြီး ကောက်ခံနေတယ်လို့ သိရပါတယ်။

မန္တလေးက ကျောင်းသူတယောက်က “မနေ့ညနေတုန်းက Ocean ကနေအပြန် ၇၈ လမ်း လမ်း ၃၀ ထောင့်မှာ ရဲတွေစစ်တာ ခံလိုက်ရတယ်။ လူလိုင်စင်က ‘သ’ နဲ့မို့ နှစ်သောင်းပေးမှာလား၊ ရုံးသွားမှာလား မေးတယ်။ ညီမကလည်း အိမ်က ပိုက်ဆံမလွှဲသေးလို့ပါ၊ တသောင်းတန်လေး ထုတ်ပေးတော့ လက်က အောက်ဖြန့်ပြီးယူတာ၊ အဲ့ဒါပေးပြီးမှ လွှတ်ပေးလိုက်တာ။ ရှေ့ကလူတွေကိုတော့ ဖုန်းတွေစစ်နေတာ” လို့ ပြောပါတယ်။

ကျုံးဘေး ၂၆ လမ်းမပေါ်၊ ၆၆ လမ်းမပေါ်နဲ့ စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာရှေ့တွေမှာ ညအချိန်တွေဆို ဆိုင်ကယ်တူးဘောက်စစ်တာတွေ၊ အိတ်ထဲတွေကို ရှာဖွေစစ်ဆေးခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“အရင်လို suprise check အနေနဲ့ တချို့နေရာတွေမှာ ဖုန်းတွေပြန်စစ်တာတွေ တွေ့ရတယ်။ ဖုန်းထဲမှာ နိုင်ငံရေးနဲ့ပတ်သက်တာတွေ တွေ့ရင် ရိုက်တယ်၊ ဖမ်းထားတွေ ရှိတယ်။ နိုင်ငံရေးလုပ်တာလားဆိုပြီး လူကိုဖမ်းတယ်။ ပိုက်ဆံနဲ့ ပြန်ရွေးရတယ်။ တတ်နိုင်သမျှ ရှောင်တာ အကောင်းဆုံးပဲ” လို့ suprise check စစ်ဆေးခံရတဲ့ ကျောင်းသူတဦးက ပြောပါတယ်။

ရပ်ကွက်တချို့နဲ့ မြို့နယ်တချို့မှာ ညအချိန် အရက်စုဖွဲ့သောက်နေတဲ့ လူငယ်တချို့၊ အလုပ်ကပြန်လာတဲ့ လူငယ်တချို့နဲ့ ဘီယာဆိုင်တွေကနေ ပြန်လာတဲ့ အမျိုးသားတချို့ကို စစ်ကောင်စီတပ်ဖွဲ့က လှည့်ကင်းတွေနဲ့ပတ်ပြီး ပေါ်တာဆွဲ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

မြို့ခံတယောက်က “ညနေ ၆ နာရီလောက်ဆို မနော်ဟရီလမ်း၊ ၇၈ လမ်းနဲ့ ၆၆ လမ်းတွေမှာ ပေါ်တာဆွဲတယ် ကြားတယ်။ နိုဝင်ဘာ ၃ ရက်နေ့ကတောင် ကောင်လေးတယောက်ကို ကားပေါ် ဆွဲခေါ်သွားတာ၊ ဘာကြောင့်လို့တော့ သေချာမသိရဘူး” လို့ ပြောပါတယ်။

မြို့ခံ CDM ကျောင်းဆရာမတဦးကလည်း “မာရှယ်လော ရုပ်သိမ်းကတည်းက မသင်္ကာစရာပါပဲ။ ရုပ်သိမ်းတယ်ဆိုတော့ ပြည်သူတွေက ထွက်ကြပြီလေ။ အဲ့မှာ သူတို့က စစ်ဆေးပြီး ငွေရှာတယ်၊ ဖမ်းတယ်။ သူတို့အတွက် သူတို့ မာရှယ်လောရုပ်သိမ်းပေးတာ။ ဒါကို နားမလည်တဲ့ တချို့က သွားကြ လာကြ၊ အဲ့မှာ ဖမ်းခံရ၊ ပိုက်ဆံပေးရနဲ့။ အခု အကြောင်းသိသွားတော့ ည ၈ နာရီဆို လမ်းပေါ်မှာ လူမရှိတော့ဘူး။ အရင်က လူစည်တယ်။ ကြာရင် မုံရွာမြို့လို ဖြစ်တော့မယ်။ သူတို့လုပ်နေတာတွေက လူ့အခွင့်အရေးတွေကို ချိုးဖောက်နေကြတာ” လို့ ပြောပါတယ်။

ရှမ်းမြောက်ဒေသမှာတိုက်ပွဲတွေစတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကစပြီး  မန္တလေးမြို့အဝင် ၊အထွက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တင်းကျပ်စစ်ဆေးနေသလို ညဘက်တွေဆိုရင်လည်း မြို့ထဲမှာ စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

Photo - မန္တလေးမြို့တွင်၂၀၂၁ မေ ၁၄ ရက်က စစ်ကောင်စီလက်အောက်ခံ ရဲများ ပြည်သူများကို စစ်ဆေးနေစဉ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024