DVB Logo
Home
Lead Story
တယ်လီနော(မြန်မာ) အလုပ်အမှုဆောင်အရာရှိချုပ်နှင့် တွေ့ဆုံမေးမြန်းချက်
DVB
·
August 15, 2014
တယ်လီနော(မြန်မာ) အလုပ်အမှုဆောင်အရာရှိချုပ်နှင့် တွေ့ဆုံမေးမြန်းချက်
Donate to DVB

မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိထားတဲ့ နော်ဝေပိုင် တယ်လီနောကုမ္ပဏီဟာ စက်တင်ဘာလအတွင်း ကျပ် ၁၅၀၀ ထက်မပိုတဲ့ ဆင်းကတ်နဲ့ ဒေါ်လာ ၂၀ ထက်မပိုတဲ့ ဆင်းကတ်တွေ စတင်ရောင်းချပေးမယ်လို့ ကြေညာထားပါတယ်။

တယ်လီနောက မြန်မာနိုင်ငံအတွင်း ဘယ်လိုနည်းပညာနဲ့ ၀န်ဆောင်မှုတွေပေးမှာလဲ စတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး တယ်လီနော(မြန်မာ)ရဲ့ အလုပ်အမှုဆောင်အရာရှိချုပ် မစ္စတာ ပတ်တာ ဖော့ဘတ်ဂ် (Mr. Petter Furberg) ကို ဒီဗွီဘီလက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက တွေ့ဆုံ မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံမှာ တယ်လီနောရဲ့ ဝန်ဆောင်မှုတွေကို ဘယ်အချိန်မှာ စတင်မလဲ။

“အခုချိန်ထိတော့ အတိအကျ ရက်သတ်မှတ်ထားတာ မရှိသေးပါဘူး။ ဒါပေမယ့် ပြောနိုင်တာတခုကတော့ ဝန်ဆောင်မှု အချို့ကို စက်တင်ဘာလထဲ စတင်မှာ ဖြစ်ပါတယ်။”

ဒါဆို ဘယ်နေ့ဆိုတာ အတိအကျပြောလို့မရဘဲ စက်တင်ဘာ ၃၁ မတိုင်ခင်လို့ပဲ ပြောရမှာပေါ့။

“ဟုတ်ပါတယ်။ စက်တင်ဘာလကုန်မတိုင်ခင် ထွက်ရှိလာမယ်ဆိုတာတော့ ကတိပေးနိုင်ပါတယ်။”

ဝန်ဆောင်မှုတွေက တချို့ မြို့ကြီးတွေမှာပဲလား၊ ဒါမှမဟုတ် တနိုင်ငံလုံး သုံးနိုင်မှာလား။

“အစမှာတော့ တချို့နေရာတွေမှာပဲ သုံးနိုင်ဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ မိုဘိုင်းနက်ဝပ်က် တည်ဆောက်ဖို့ အချိန်ယူရဦးမှာမို့ပါ။ မြန်မာတနိုင်ငံလုံး သုံးနိုင်ဖို့အတွက် ၅ နှစ်အတွင်း နက်ဝပ်က်တည်ဆောက်နိုင်ဖို့ကို ကျနော်တို့ ရည်မှန်းထားပါတယ်။ ဒါပေမယ့် ဒီထက်စောပြီးမယ်လို့လည်း ထင်ပါတယ်။ အစမှာတော့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မြို့တွေမှာ သုံးနိုင်မှာဖြစ်ပါတယ်။

မြို့ကြီး ၃ မြို့မှာပဲပေါ့။

“အစပိုင်းမှာပါ။ ဒါပေမယ့် နေရာအနှံ့ သုံးနိုင်ဖို့ အမြန်ဆုံး ဆောင်ရွက်မှာပါ။”

ဒါဆို ခင်ဗျားတို့ ၅ နှစ်အတွင်းမှာ တနိုင်ငံလုံး သုံးနိုင်အောင် လုပ်မှာပေါ့။

“ဟုတ်ပါတယ်။”

ကျေးလက်က သူတွေကတော့ သုံးနိုင်ဖို့ နှစ်တွေ ထပ်စောင့်ရဦးမှာပေါ့။

“အဲ့လောက်စောင့်ဖို့ မလိုပါဘူး။ ဘာလို့လဲဆို့တော့ တနှစ်အတွင်း နိုင်ငံအနှံ့ကို ကာဗာဖြစ်အောင်လို့ လုပ်နေပါတယ်။ လူဦးရေ ထူထပ်တဲ့ဒေသတွေမှာ သုံးနိုင်အောင် အရင်ဆုံးလုပ်ဆောင်မှာပါ။ ဘာပဲပြောပြော တယ်လီနောရဲ့ ဝန်ဆောင်မှုတွေကို နေရာအနှံ့မှာ ၁ နှစ်အတွင်း သုံးနိုင်အောင် လုပ်နေပါတယ်။

တယ်လီနောက ဘယ်လိုနည်းပညာတွေနဲ့ ဘယ်လိုဝန်ဆောင်မှုတွေ ပေးမှာလဲ၊ ဥပမာ ခင်ဗျားတို့ရဲ့ ပြိုင်ဘက်တွေက 3G၊ 4G တွေ သုံးနေတာလေ၊ ခင်ဗျားတို့ရဲ့ ဈေးကွက်ထိုးဖောက်ဖို့ ဗျူဟာကိုလည်း ပြောပါဦး။

“ကျနော်တို့ အရင်ဆုံး ဒီနေ့ခေတ်မှာ မြန်မာပြည်နဲ့ အသင့်တော်ဆုံးဖြစ်တဲ့ 2G ကော 3G ကော စနစ် ၂ မျိုး ထုတ်မှာပါ။ ဘာလိုလဲဆိုတော့ စမတ်ဖုန်းတွေနဲ့ ဒေတာ အရမ်းသုံးတဲ့ သူတွေအတွက်ကတော့ 3G စနစ်ပေါ့။ ပြီးတော့ ဝင်ငွေနည်းတဲ့ သူတွေကတော့ 2 G ကို ရွေးချယ်နိုင်မှာပါ။ 2G က ဈေးနည်းတဲ့ ဖုန်းတွေမှာလည်း သုံးနိုင်တယ်လေ။ ဒါကြောင့် တယ်လီနောဆင်းကတ်တွေဟာ ဘယ်ဖုန်းမှာမဆို အလုပ်လုပ်မှာ ဖြစ်ပါတယ်။

အင်တာနက်အခြေအနေကရော ဘယ်လိုလဲ၊ ဆင်းကတ်ထဲမှာ တပါတည်းပါမှာလား။

[caption id="attachment_62390" align="alignright" width="300"]တယ်လီနော(မြန်မာ) အလုပ်အမှုဆောင်အရာရှိချုပ်ကို ဦးခင်မောင်ဝင်း တွေ့ဆုံမေးမြန်းစဉ် တယ်လီနော(မြန်မာ) အလုပ်အမှုဆောင်အရာရှိချုပ်ကို ဦးခင်မောင်ဝင်း တွေ့ဆုံမေးမြန်းစဉ်[/caption]

“ဟုတ်ပါတယ်။ အင်တာနက်ကတော့ ဘယ်ဆင်းကတ် အမျိုးအစားမဆို တခါတည်းပါမှာပါ။ ဒါကြောင့် ဒီကတ်ကို သုံးပြီဆိုရင် ပထမဆုံးနေ့မှာပဲ အင်တာနက်သုံးလို့ ရမှာပါ။ အပိုကြေးပေးစရာ မလိုပါဘူး။ သုံးသလောက်ပဲပေး ရမှာပါ။ အင်တာနက်က 2G ကတ်ရော၊ 3G ကတ်မှာရော ပါမယ်ဆိုပေမယ့် 3G က ပိုမြန်နှုန်းမြင့်ပါမယ်။ ဗီဒီယို ဒေါင်းလုဒ်ဆွဲတာတွေ youtube ကနေ ကြည့်မှာတွေဆိုရင် 3G ကို ရွေးဖို့လိုပါမယ်။ ဒါပေမယ့် ပုံမှန်ရိုးရိုးပဲ fb သုံးမယ်။ website တွေပဲကြည့်မယ်၊ မေးလ် သုံးရုံပဲ ဆိုရင်တော့ 2G စနစ်ရဲ့ အင်တာနက် အမြန်နှုန်းကလည်း ကောင်းပါတယ်။”

နောက်တခုသိချင်တာက မြန်မာပြည်မှာ အင်တာနက်အမြန်နှုန်းနဲ့ ပတ်သက်ပြီး လူတွေက စိတ်ပျက်ကြတယ်လေ။ တအားကိုနှေးတယ်။ အချိန်တိုင်းလည်း လိုင်းကျနေတတ်တယ်။ ဒါကြောင့် တယ်လီနောကကော သူတို့လို မဖြစ်အောင် လုပ်နို်င်ပါမလား။

“ဟုတ်ပါတယ်။ ကျနော်မြင်တာကတော့ အင်တာနက်ကောင်းကောင်း သုံးနိုင်ဖို့အတွက် အနေအထား ၂ ခု ရှိပါတယ်။ ပထမတခုက အရမ်းကို တိုးတက်ကောင်းမွန်နေပြီဖြစ်တဲ့ နိုင်ငံတကာလိုင်းတွေနဲ့ ချိတ်ဆက်နို်င်ဖို့ပါ။ တယ်လီနောက အဲဒီလို ချိတ်ဆက်မှာပါ။ လိုင်းတခုကတော့ ထိုင်းနိုင်ငံက လိုင်းနဲ့ ချိတ်ဆက်မှာ ဖြစ်ပါတယ်။ အခုလောလောဆယ်တော့ ချိတ်လို့ မပြီးသေးပါဘူး။ နောက်လထဲမှာတော့ အပြီး ချိတ်ဆက်နိုင်မှာပါ။ နောက်ထပ် လိုင်းတခုကိုလည်း မြန်မာနိုင်ငံရဲ့ ပြင်ပမှာပဲ ချိတ်ဆက်ထားပါတယ်။ ဒါမှ လိုင်းတခုပြတ်သွားတဲ့အခါ၊ မနှစ်ကလိုမျိုး ရေအောက်ဆက်ကြောင်း လိုင်းပြတ်သွားတဲ့အခါမှာ ကြုံရသလိုမျိုး မဖြစ်မှာပေါ့။ အဲဒီမှာ အရေးကြီးတဲ့တခုက တနိုင်ငံလုံး သုံးနိုင်ဖို့အတွက် အင်တာနက်ချိတ်ဆက်မှု လိုအပ်ချက်ကြီးမားပါတယ်။ ဒုတိယက အင်တာနက် နက်ဝပ်က် အရည်အသွေး ကောင်းကောင်း ဖြစ်ဖို့လိုပါတယ်။ မြန်နှုန်းမြင့် 3G ကွန်ရက်ကို သုံးနိုင်ဖို့ဆိုရင် ရန်ကုန် ဒါမှမဟုတ် တခြားမြို့တွေမှာ တာဝါအများကြီး လိုအပ်ပါတယ်။”

ဒါဆို မြန်မာနိုင်ငံပြင်ပ ထိုင်းနိုင်ငံလိုနေရာမှာ လင့်တွေကို တည်ဆောက်နေတယ်။ ဒါဆို ဆောက်လို့ မပြီးမချင်း အင်တာနက်အမြန်နှုန်းက ငြိမ်နိုင်ပါ့မလား။ ဘယ်လို ဖြစ်မလဲ။

“သေချာတာကတော့ 3G အင်တာနက် အမြန်နှုန်းကတော့ ကောင်းပါလိမ့်မယ်။ ဒီမှာရှိတဲ့ လူတွေရဲ့ အင်တာနက်သုံးမှုက တဖြည်းဖြည်း များလာတယ်။ အခုဆိုရင် သန်း ၆၀ ရှိတဲ့ ဒီနိုင်ငံမှာ လူ ၇ သန်း၊ ၈ သန်းလောက်ဟာ တယ်လီဖုန်းကတဆင့် အင်တာနက် သုံးကြပါတယ်။ ဒီတော့ ကျနော်တို့ နေရာအလုံအလောက် ရှိဖို့ လိုတယ်ဆိုတာကို ပြတာပါ။ အပြင်ကလည်း ချိတ်မယ်။ ပြည်တွင်းမှာလည်း တာဝါတိုင်တွေ ဆောက်မယ်။ ဒါကြောင့် ၂ မျိုးဖြစ်သွားတဲ့အတွက် တာဝါတိုင်တွေ အများကြီး ဆောက်စရာ မလိုတော့ဘူးပေါ့။”

ဒါဆို တာဝါတိုင်တွေက ကိုယ့်ဘာသာကို ဆောက်တာလား၊ ဒါမှမဟုတ် တခြားသူတွေစီက တဆင့် ငှားတာလား။

“ကျနော်တို့ ကိုယ်တိုင်မဆောက်ပါဘူး။ ကျနော်တို့ကတော့ အမ်ပီတီ၊ အော်ရီဒူးနဲ့ တယ်လီနောတို့ တာဝါတိုင်တွေကို ခွဲဝေသုံးတာက ပိုကောင်းမယ်လို့ ထင်လို့ပါ။ ဒါကြောင့် ကျနော်တို့ တခြားသူတွေလိုပဲ တာဝါပိုင်တဲ့ သူတွေဆီက ငှားသုံးပါတယ်။”

ဖုန်းပြောခ ပေးချေတဲ့စနစ်ကကော pre-paid ကတ်စနစ်လား၊ တခြားစနစ်လား။

“အများစုကတော့ pre-paid ကတ်စနစ်သုံးတာကို အသားကျနေပါပြီ။ ဒါပေမယ့် ကျနော်တို့ဆီမှာ post-paid စနစ်လည်း ရှိပါမယ်။ တချို့ သုံးစွဲသူတွေဟာ ဘဏ်ကနေတဆင့် ပေးတာ ဒါမှမဟုတ် တနည်းနည်းပေါ့၊ ငွေကြိုသွင်းထားပြီး သုံးတာမျိုးလည်း ရှိမှာပါ။ ဒါတော့ အနည်းစုပဲ သုံးမယ်ထင်ပါတယ်။ ဖောက်သည်အများစုကတော့ pre-paid ကတ်စနစ်ကို ပိုကြိုက်ကြမယ် ထင်ပါတယ်။”

တခြားဘယ်လို ဆားဗစ်တွေရော ပါမလဲ။ ဥပမာ - တခြား အော်ပရေတာတွေက သတင်းတွေ ပို့ပေးတာတွေလိုမျိုးပေါ့။ အပိုဝန်ဆောင်မှုတွေက ဘာတွေပါမလဲ။

“ကျနော်တို့ကတော့ 2G စနစ်နဲ့ 3G စနစ်တွေမှာ အင်တာနက် ကောင်းကောင်းနိုင်ဖို့ပါ။ ပြီးတော့ အသံကြည်ကြည်လင်လင် ကြားရဖို့ပေါ့။ ပြီးရင် ကျနော်တို့ နိုင်ငံတကာကို ဖုန်းခေါ်ဆိုနိုင်တဲ့ စနစ်တွေ ပါလာပါမယ်။ ခင်ဗျား နိုင်ငံခြားကို ခရီးသွားမယ်ဆိုရင် တယ်လီနော ဆင်းကတ်ကိုယူသွားပြီး သင့်တော်တဲ့ ဈေးနှုန်းနဲ့ နိုင်ငံတကာကို ဖုန်းခေါ်နိုင်ပါမယ်။ ပြီးရင် နိုင်ငံတကာကို SMS လည်း ပို့နိုင်ပါမယ်။ လက်ခံလို့လည်း ရပါမယ်။ တခါ ပုံတွေလည်း ပို့နိုင်ပါမယ်။”

ဒီဝန်ဆောင်မှုတွေက စက်တင်ဘာမှာ ထွက်လာမယ့် ဖုန်းကတ်တွေမှာ တပါတည်း ပါလာမှာလား။

“ဟုတ်ပါတယ်။ Roming က အရင်ဆုံးတော့ တချို့နိုင်ငံတွေမှာပဲ ခေါ်နိုင်မှာပါ။ ဘာလို့လည်းဆိုတော့ သဘောတူ စာချုပ်ချုပ်ရဦးမှာမို့ပါ။ ပြီးတော့ ဒီ rominy system လုပ်မယ့် နိုင်ငံချင်းလည်း sim card ချင်း စမ်းသပ်ရဦးမယ်။ ဒီက ကတ်ကို ဟိုပို့၊ ဟိုကဟာကို ဒီယူပြီး စမ်းရမယ်။ ဒါကြောင့် roming စနစ် တကမ္ဘာလုံးအပြည့်သုံးဖို့ အချိန်နည်းနည်းတော့ ယူရဦးမယ်။ ဒါပေမယ့် မြန်မာနိုင်ငံအတွက် အရေးပါတဲ့ နိုင်ငံတော်တော်များများ ဆက်သွယ်နိုင်အောင် လုပ်ပေးထားပါတယ်။ ပြီးရင် တဖြည်းဖြည်းနဲ့ ဧရိယာချဲ့သွားမှာပါ။ ဒါပေမယ့် ဖုန်းကတော့ နိုင်ငံတကာကို ခေါ်ဆိုနိုင်မှာပါ။ ပြီးတော့ ကျနော်တို့က telecom အော်ပရေတာ ကုမ္ပဏီဆိုတော့လေ သတင်းတွေ ပေးပို့ဖို့လည်း သတင်းဌာနလိုမျိုးတွေနဲ့လည်း ချိတ်ဆက် ထားမှာပါ။ သူတို့တွေက သတင်းတွေလည်း ရောင်းနိုင်ပါတယ်။ ကျနော်တို့က မျှဝေမယ်၊ သုံးစွဲသူတွေစီက ပိုက်ဆံကို လက်ခံပေးမယ်။ ဒီလိုပဲ ကျန်းမာရေးစောင့်ရှောက်မှု၊ သတင်းဝန်ဆောင်မှုနဲ့ သီချင်းဝန်ဆောင်မှုတွေလည်း လုပ်နိုင်ပါတယ်။ ဒါက လုပ်ငန်းတွေအတွက် ကောင်းမယ်လို့ ထင်ပါတယ်။ တယ်လီနောမှာ အင်တာနက်လိုင်း ကောင်းမယ်။ တယ်လီဖုန်းလိုင်းကလည်း ကောင်းတယ်လေ။ ဒါတွေကို ကျနော်တို့ launch လုပ်တဲ့အခါ တခါတည်း ကြေညာမှာပါ။”

telecom စီးပွားရေးလုပ်ငန်းအပါအဝင် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေဟာ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေနဲ့အညီ လုပ်ကိုင်ကြရပါတယ်။ ဒီနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ဆိုရင် ဥပဒေတွေ သတ်မှတ်ချက်တွေက အများကြီး ရှိတယ်လေ။ ခင်ဗျားတို့ကော ဒီက တရားဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကိုကော ကျေနပ်မှုရှိရဲ့လား၊ ဒါမှာမဟုတ် ပိုပြီးကောင်းအောင်လို့ အကြံပေးချင်တာများ ရှိလား။

“အခု မြန်မာနိုင်ငံက ဆက်သွယ်ရေးကဏ္ဍမှာ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေ ဥပဒေသစ်တွေ ထွက်ဖို့ မြန်မြန်ဆန်ဆန်လုပ်တာကို တွေ့ရပါတယ်။ ဆက်သွယ်ရေးကဏ္ဍရဲ့ အဓိကအခြေခံဖြစ်တဲ့ ဆက်သွယ်ရေးဥပဒေသစ်ကို လွှတ်တော်က မနှစ်က အောက်တိုဘာလမှာ ခွင့်ပြုလိုက်ပါပြီ။ အခုနည်းဥပဒေကိုလည်း ဆက်သွယ်ရေးဝန်ကြီးဌာနက ရေးဆွဲနေတာ ပြီးတော့မှာပါ။ နည်းဥပဒေထွက်လာတာနဲ့ တပြိုင်နက် ကျနော်တို့ သဘောတူစာချုပ်ချုပ်ဆိုမှာပါ။ ဒါကြောင့် အကြမ်းအားဖြင့်ပြောရမယ်ဆိုရင် ဆက်သွယ်ရေးဥပဒေနဲ့ နည်းဥပဒေဟာ နိုင်ငံတကာအဆင့် မီတယ်လို့ ပြောရမှာပါ။ ဘာလို့လဲဆိုတော့ တခြားနိုင်ငံက အမှားတွေကို သင်ယူတယ်လို့ မြင်ပါတယ်။ ပြီးတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ တယ်လီနောက မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံတာဟာ ရင်းနှီးမြှုပ်နှံမှုဥပဒေဟာ မြင်နေရတဲ့ အတိုင်းပဲ တိုးတက်ကောင်းမွန်တာကြောင့်ပါ၊ အစိုးရကလည်း နို်င်ငံခြားရင်းနှီးမြှုပ်နှံတဲ့သူတွေကို အထောက်အကူပေးတာကို မြင်နေရပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013