
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပခုက္ကူ-ရေစကြိုကားလမ်း ကျောက်လှေကားရွာနားက တိုးဂိတ်နားမှာ နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီကျော်လောက်မှာ ရေစကြိုမြို့ကနေ ပခုက္ကူဘက်ကို ထွက်လာတဲ့ အိမ်စီးကား ၁ စီး သေနတ်နဲ့ ပစ်ခတ်ခံရပြီး ပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ရေစကြိုမြို့ ဒေသခံက ပြောပါတယ်။
သေဆုံးခဲ့တဲ့သူတွေကတော့ ရေစကြိုမြို့ပေါ်က ကုန်မာဆိုင်ပိုင်ရှင် အသက် ၅၁ နှစ်အရွယ် ဦးကျော်ကျော်နဲ့ အသက် ၃၀ နှစ်အရွယ် ယာဥ်မောင်း ကိုဇော်ဝင်းထူးတို့ဖြစ်ပြီး အလောင်းတွေကိုတော့ နာရေးကားနဲ့ ရေစကြိုမြို့ဘက်ကို သယ်သွားကြပါတယ်။
သူတို့နှစ်ဦးကို ဘယ်လက်နက်ကိုင်အဖွဲ့က ဘာကြောင့် ပစ်ခတ်သွားတယ်ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။
ရေစကြိုမြို့နယ်မှာ သြဂုတ်လ ၃၁ ရက်ကလည်း ပခုက္ကူ-ရေစကြိုကားလမ်းပေါ်မှာ ဆောက်လုပ်ရေးကုမ္ပဏီ ဝန်ထမ်း ၅ ယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။










