Home
မြန်မာသတင်း
ရှမ်းမြောက်တိုက်ပွဲ၌ ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၁၆၂ ဦးကို တရုတ်နိုင်ငံမှတဆင့် ပြန်ခေါ်မည် 
DVB
·
November 6, 2023
Northern Alliance_06112023

ရှမ်းပြည်မြောက်ပိုင်းက မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့  စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေကြောင့်  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ထဲမှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၆၂ ဦးကို တရုတ်နိုင်ငံကနေတဆင့် ပြန်ခေါ်မယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

သူတို့တွေ ဘေးကင်းလုံခြုံစွာနဲ့ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံး၊ တရုတ်နိုင်ငံ ပေကျင်းမြို့က တရုတ်နိုင်ငံဆိုင်ရာထိုင်းသံရုံး၊ ကူမင်းမှာရှိတဲ့ ထိုင်းကောင်စစ်ဝန်ရုံး ၊ မြန်မာနိုင်ငံဆိုင်ရာတာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ထိုင်းလက်ထောက် ဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ နိုင်းဘန်ပရီ ဖဟီထနုကွန်းက သတင်းထောက်တွေကို ပြောပါတယ်။

“အခုသူတို့အားလုံး မြန်မာအစိုးရလက်ထဲမှာ ဘေးအန္တရာယ်ကင်းကင်းရှိနေပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရက ခရီးထွက်ခွင့်မပြုသေးဘူး။ လမ်းမှာတစုံတရာဖြစ်မှာစိုးတယ်တဲ့၊ အခြေအနေငြိမ်သွားရင် ၁၆၂ ယောက်လုံး ပြန်ပို့မယ်၊ တရုတ်ပြည်ဘက်ကနေ ပြန်ခေါ်မယ်၊ အားလုံးချိတ်ဆက်ထားပြီးပြီ။”

ထိုင်းနိုင်ငံသားတွေဟာ မြန်မာပြည်က ကာစီနိုရုံ ၊ လောင်းကစားရုံတွေမှာ အလုပ်သွားလုပ်တယ်ဆိုတာ ဟုတ်ပါသလားလို့ သတင်းထောက်တွေက မေးရာမှာ ဝန်ကြီး ဘန်ဖရီက “အခုက သူတို့ရဲ့ အလုပ်အကိုင်တွေကိ စစ်ဆေးဖို့မဟုတ်ဘူး၊ အားလုံးကို အန္တရာယ်ကင်းစွာနဲ့ကိုယ့်နိုင်ငံကိုယ်ပြန် ခေါ်ဖို့ဖြစ်တယ်။ အလုပ်အကိုင်ကတော့ အမျိုးမျိုးရှိမှာပေါ့  ” လို့ပြောပါတယ်။

လက်ရှိ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေဘက်ကတော့ နှစ်ဘက်လုံးတိုက်ပွဲတွေရပ်တံ့ပြီး ငြိမ်းချမ်းစွာညှိနှိုင်းအဖြေရှာဖို့  တိုက်တွန်းထားပါတယ်။ 

မြောက်ပိုင်းမဟာမိတ် MNDAA အဖွဲ့ဝင်တစ်ဦးကတော့ သူတို့မဟာမိတ်အနေနဲ့ ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ မြို့ ၃ မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီလို့ ပြောကြောင်း  Bangkokbiznews သတင်းမှာ ဖော်ပြသွားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024