DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသား ၅၂ ဦး မလေးရှားတွင် ထောင်ဒဏ်ချမှတ်ခံရ
DVB
·
August 14, 2014
မြန်မာနိုင်ငံသား ၅၂ ဦး မလေးရှားတွင် ထောင်ဒဏ်ချမှတ်ခံရ
Donate to DVB

မလေးရှားနိုင်ငံ တရားရုံးတခုက မြန်မာနိုင်ငံသား ၅၂ ဦးကို ဗီဇာအတု ကိုင်ဆောင်ဝင်ရောက်မှုနဲ့ ထောင်ဒဏ် ၁ နှစ်စီချမှတ်လိုက်ပြီး သူတို့ကို တာဝန်ခံ ခေါ်ဆောင်တဲ့ ၃ ဦးကို လာမယ့်ရက်ပိုင်းအတွင်း ရုံးတင်အမိန့်ချမှတ်တော့မှာ ဖြစ်ပါတယ်။

[caption id="attachment_62374" align="alignright" width="300"]ကွာလာလမ်ပူ လေဆိပ် ကွာလာလမ်ပူ လေဆိပ်[/caption]

မလေးရှားနိုင်ငံကို အလုပ်လုပ်ဖို့ သွားရောက်ခဲ့ တဲ့ မြန်မာနိုင်ငံ သားတွေ ကို ဗီဇာအတုနဲ့ မလေးရှား လူဝင်မှုကြည့်ကြပ်ရေး ဌာနက ဖမ်းဆီးပြီး လ၀က ဥပဒေနဲ့ သြဂုတ် ၁၂ ရက်နေ့က ထောင်ဒဏ် ၁ နှစ်စီ ချမှတ်တာဖြစ်ပါတယ်။

ဖြစ်စဉ်ကတော့ လွန်ခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က ရန်ကုန်ကနေ မလေးကိုသွားတဲ့ လေယာဉ်ပေါ်မှာ မြန်မာအလုပ်သမား ၇၂ ဦး နဲ့ သူတို့တတွေကို မြန်မာပြည်ကနေ ခေါ်ဆောင် လာတဲ့ အေးဂျင့် ၃ ဦးတို့ လိုက်ပါသွားပြီး မလေးရှားဆိပ်မှာ လ၀ကက ဖမ်းဆီးခဲ့တာဖြစ် ပါတယ်။

သူတို့တတွေထဲက အများစုဟာ ဗီဇာအတုတွေနဲ့ မလေးရှားနိုင်ငံကို ၀င်ရောက်ခဲ့တာကို ဖော်ထုတ်ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံခဲ့ရပုံနဲ့ပတ်သက်ပြီ  မလေးရှားနိုင်ငံက မြန်မာ ရွှေ့ပြောင်းလုပ်သား အခွင့်အရေးဌာန ဥက္ကဋ္ဌ ကိုလတ်က ဒီဗွီဘီကို အခုလို ပြောပါတယ်။

“အမှန်တကယ်က သူတို့က ဒီမှာအလုပ်လာလုပ်တာ။ အလုပ်လာလုပ်တဲ့ဟာကို သူတို့ အေးဂျင့်တွေက တခါတည်း ပါမစ်နဲ့ မခေါ်ဘဲနဲ့ ဒီရောက်မှ ပါမစ်ကို တောင်းခံမယ်ဆိုတဲ့ ပုံစံမျိုး သူတို့က သွင်းလာတာ။ ဒါပေမယ့် သူတို့လုပ်လာတဲ့ ပုံစံတွေက ဘာလဲဆိုတော့ သူတို့က ဗီဇာ အတုနဲ့ ဆိုတော့ ဒီမှာက သူတို့မှာ လမ်းကြောင်းတွေ ရှိတယ်။ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးတွေလည်း ပါတယ်။ လေယာဉ်ကွင်းကနေ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးကနေ အထွက်။ ရှိုးမန်းနီး ပြဖို့ ပိုက်ဆံတွေ ပြန်အသိမ်းမှာ သူတို့ကို သံသယရှိပြီး ပြန်စစ်တာ။ သံသယရှိပြီး စစ်တော့ သူတို့ဗီဇာတွေက အတုတွေမှန်း သိသွားတယ်။ အဲဒါနဲ့ ဆွဲလိုက်တာ။”

သူတို့ကို ဖမ်းဆီးပြီး ၁ လကျော် ထိန်းသိမ်းခဲ့ပြီး သြဂုတ် ၁၂ ရက်နေ့တုန်းကတော့ ၅၂ ဦးကို ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ပြီး ကာကြမ်း (Kajang) ထောင်ကို ပို့ဆောင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ကျန်တဲ့သူ ၂၀ ဦးမှာ ဗီဇာအမှန်ရှိသူ ၁၂ ဦးပါဝင်ပြီး ကျန် ၈ ဦးကတော့ ဗီဇာတု ကိုင်ဆောင်ကြတဲ့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေဖြစ်ပါတယ်။ ဒီ ၈ ဦးကိုတော့ သက်ညှာစွာနဲ့ တရားစွဲဆိုခြင်းမရှိပဲ မြန်မာပြည်ပြန်ပို့မှာဖြစ်ပေမယ့် သူတို့ကို အစိုးရသက်သေအဖြစ်  လေဆိပ် ထိန်းသိမ်းရေးစခန်းမှာ ထားရှိပါတယ်။

သြဂုတ် ၁၉ ရက်နေ့ကျရင်  အေးဂျင့် ၃ ဦးကတော့ တရားရုံးမှာ အမိန့်ချမှတ်ခံရမှာဖြစ်ပါ တယ်။ ဒီ  ၃ ဦးကိုတော့ လူကုန်ကူးမှုနဲ့ တရားစွဲဆိုဖို့ အမှုဖွင့်ခဲ့တယ်လို့ ကိုလတ်က  ပြောပါတယ်။

“အခု အေးဂျင့် ၃ ယောက်ကို ၁၉ ရက်နေ့မှာ အာမခံနဲ့ ထွက်လို့မရအောင် လူကုန်ကူးမှုနဲ့ သူတို့ကို အမှုဖွင့်တယ်။ ဒီနေ့လည်းသွားတယ်။ လူကုန်ကူးမှုနဲ့ အေးဂျင့် ၃ ယောက်ကို အမှုဖွင့်ထားတယ်။”

ထောင်ချခံရ သူတွေပြန်လွတ်ဖို့ မြန်မာ ရွှေ့ပြောင်းလုပ်သား အခွင့်အရေးဌာန အနေနဲ့ ကြိုးပမ်းဆောင်ရွက်နေသလို  ဒီလူတွေ အကူအညီရဖို့လည်း တခြား အန်ဂျီအိုတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မလေးရှား မြန်မာသံရုံးကလည်း ထောင်ဒဏ်ချမှတ်ခံရသူတွေပြန်လွတ်ဖို့ သံတမန်ရေးနဲ့ ဥပဒေရေးအရ ကူညီနေတယ်လို့ မလေးရှားမြန်မာသံရုံးနဲ့ နီးစပ်သူ ဦးသီဟက ပြောပါတယ်။

“တရားရုံးမှာ ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာတော့ ကျနော်တို့က သိနေတယ်။ အဓိက ကတော့ ပွဲစားလိမ်လို့ သူတို့ ခံရတဲ့ ကိစ္စဖြစ်နေတော့လေ။ ကျနော်တို့ ထပြောဖို့ဆိုတာက သူတို့ တရားရုံးက အဲဒီလိုမျိုးထပြောဖို့ ခွင့်ပြုချက် မရှိတဲ့အခါကျတော့ ဘာမှ ပြောလို့မရဘူး။ အမှုချ ပြီးပြီ။ ပြီးသွားမှ ရှေ့နေဆီသွားပြီးတော့ အဲဒီကိစ္စကို ဘယ်လိုဆက်လုပ်ရင်ကောင်းမလဲဆိုတာ စာရွက်စာတမ်းကို သူတို့ ပြင်ဆင်ထားခိုင်းတယ်။ ပြီးရင် ပြန်ပြင်ပေါ့။ ပြန်ပြင်တဲ့အခါမှာ အယူခံဝင်တဲ့ပုံစံမျိုးပေါ့။ နောက်ဆုံး တဆင့်ပြီးတဆင့်တက်ပြီး မြန်မာသံရုံးအနေနဲ့ သံတမန်နည်းအရ လုပ်ကြည့်မယ်ပေါ့နော်။”

ဖမ်းဆီးထောင်ချခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ မလေးရှားမှာ အလုပ်လုပ်ရဖို့  စုမြတ်နန္ဒာဝင်းအေဂျင်စီကို ကျပ်ငွေ ၁၀ သိန်းပေးဆောင်ခဲ့ရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013