DVB Logo
Home
နိုင်ငံတကာ
ဓားစာခံအားလုံး ပြန်မရောက်မချင်း အပစ်ရပ်မည်မဟုတ်ဟု အစ္စရေးဝန်ကြီးချုပ် ပြော
DVB
·
November 6, 2023
ဓားစာခံအားလုံး ပြန်မရောက်မချင်း အပစ်ရပ်မည်မဟုတ်ဟု အစ္စရေးဝန်ကြီးချုပ် ပြော
Donate to DVB

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ဓားစာခံအားလုံး ပြန်မရောက်မချင်း ဂါဇာဒေသကို အပစ်အခတ်ရပ်စဲမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၇ ရက်နေ့မှာ ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်အဖွဲ့က ဖမ်းဆီးသွားခဲ့တဲ့ ဓားစာခံ အယောက် ၂၄၀ ကို နေတန်ယာဟုက ရည်ညွှန်းပြောဆိုခဲ့တာပါ။

အစ္စရေးဝန်ကြီးချုပ်က “ကျနော်တို့ရဲ့ ဓားစားခံတွေ ပြန်ရောက်လာမှု မရှိသေးရင် အပစ်အခတ် ရပ်စဲရေးလည်း မရှိဘူးဆိုတဲ့အပေါ်မှာ ရန်သူတွေရော မိတ်ဆွေတွေကိုပါ ပြောထားပါတယ်။ သူတို့ကို အနိုင်ရရှိတဲ့အထိ ရှေ့ဆက်သွားမှာပါ” လို့ မှတ်ချက်ပေးပါတယ်။

အစ္စရေးတောင်ပိုင်းရှိ ရာမွန်လေတပ်အခြေစိုက်စခန်းမှာ နေတန်ယာဟုက အစိုးရရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး လေကြောင်းနဲ့ မြေပြင်တပ်ဖွဲ့ဝင်တွေကို ထပ်လောင်း ပြောပြခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ကလည်း ဂါဇာဒေသမှာ လူသားချင်းစာနာမှုအရ တိုက်ခိုက်မှုတွေကို ခဏတာရပ်တန့်ဖို့အတွက် တာဝန်ရှိသူတွေအနေနဲ့ ကြိုးပမ်းနေတယ်ဆိုပြီး အတည်ပြုပါတယ်။

ဒါမှသာ ဟားမတ်စ်အဖွဲ့က ထိန်းသိမ်းထားတဲ့ ဓားစာခံတွေ လွတ်မြောက်ရေးနဲ့ ပါလက်စတိုင်းတွေဆီ အကူအညီ ပိုမိုရောက်ရှိရေး အပါအဝင် ဦးစားပေးကိစ္စရပ်များစွာကို ရှေ့တိုးလုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အစ္စရေး ဝန်းရံပိတ်ဆို့ထားတဲ့ ကမ်းရိုးတန်းမြို့လေးထဲကို အကူအညီပေးရေး ထရပ်ကားအစီးရေ ၁၀၀ အထိ နေ့စဉ်ဝင်ရောက်မှုရှိတယ်လို့လည်း အမေရိကန် နိုင်ငံခြားဝန်ကြီးက သတင်းထောက်တွေကို ဖြည့်စွက်ပြောပါတယ်။

ဒါပေမဲ့လည်း ဘလင်ကန်က “ဒါဟာ အတော်ကို လုံလောက်မှုမရှိသေးဘူး” ဆိုပြီး ဘဂ္ဂဒက်မြို့မှာ မှတ်ချက်ပေးသွားပါတယ်။

ဂါဇာမြောက်ပိုင်းက အရပ်သားတွေကို တောင်ပိုင်းအထိ ပြောင်းရွှေ့နိုင်ဖို့အတွက် “လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြံလမ်းကြောင်းတခု” ဖွင့်လှစ်ပေးထားတယ်လို့  အစ္စရေးစစ်တပ်က နိုဝင်ဘာ ၅ ရက်မှာ ဗီဒီယိုမှတ်တမ်းနဲ့တကွ ထုတ်ပြန်ပါတယ်။

အစ္စရေးစစ်တပ်ရဲ့  ဗိုလ်မှူးကြီးတဦးက ဂါဇာဒေသခံတွေကို မြောက်ပိုင်းမှ စွန့်ခွာဖို့အတွက် အာရပ်ဘာသာစကားနဲ့အတူ တောင်းဆိုခဲ့တာပါ။

အဲ့ဒီ ဗီဒီယိုမှတ်တမ်းတွေထဲမှာ ဗိုလ်မှူးကြီးဖြစ်သူက ပါလက်စတိုင်းဒေသကို စစ်ပွဲဇုန်တခုအဖြစ် ရည်ညွှန်း ဖော်ပြခဲ့ပါတယ်။

ရိုက်တာသတင်းဌာနကတော့ ဗီဒီယိုမှတ်တမ်းရဲ့ တည်နေရာနဲ့ ရက်စွဲကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ဖော်ပြထားပါတယ်။

ဟားမတ်စ် ထိန်းချုပ်ထားတဲ့ ဂါဇာဒေသရဲ့  ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေကတော့ လက်ရှိစစ်ပွဲအတွင်း ပါလက်စတိုင်းလူမျိုးပေါင်း ၉,၇၇၀ ဦး သေဆုံးခဲ့ရပြီး ဖြစ်တယ်လို့ အတည်ပြုပါတယ်။

အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းမှာ ဟားမတ်စ်အဖွဲ့ရဲ့ ရုတ်တရတ် တိုက်ခိုက်မှုအတွင်း လူပေါင်း ၁,၄၀၀ သေဆုံးကာ နောက်ထပ် ၂၄၀ ကျော်  ဓားစာခံအဖြစ် ဖမ်းဆီးခံထားရပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013