
မန္တလေးတိုင်းဒေသကြီး ညောင်ဝန်းကျေးရွာမှာ ရဲနဲ့ ထွန်တုံးတိုက်ပွဲဝင်ခဲ့တဲ့ ရွာသားတွေ ပဋိပက္ခဖြစ်လို့ ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်ပွားနေပါတယ်။
ဒီနေ့မနက် ၁၀ နာရီလောက်က မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာကို ရဲ အင်အား ၅၀ ကျော်နဲ့ ၀င်ရောက်စီးနင်းကြလို့ ရွာသားတွေနဲ့ ရဲတပ်ဖွဲ့တွေ အပြန်အလှန်တိုက်ခိုက်တာတွေ ဖြစ်ပွားခဲ့ပါတယ်။
[caption id="attachment_62376" align="alignright" width="300"]
ဓာတ်ပုံ - ကိုဟန်ဝင်းအောင်[/caption]
ညောင်ဝန်းကျေးရွာသူ ၂ ဦး ဒဏ်ရာရပြီး မသန်းကြင်နုရဲ့ခြေထောက်ကို သေနတ်ထိမှန်ခဲ့လို့ မန္တလေးဆေးရုံ ပို့ထားရတယ်လို့ ကျေးရွာသူ မထွေးထွေးလှိုင်က တယ်လီဖုန်းကတဆင့် ပြောပါတယ်။
မနက် ၁၀ နာရီအချိန်မှာ ရဲအင်အား ၅၀ လောက်က သေနတ်တွေ ပစ်ဖောက်ခြောက် လှန့်ခဲ့ကြောင်း အိမ်တွေကို သေနတ်တွေနဲ့ပစ်ကြောင်း၊ ရွာသားတွေဘက်ကလည်း ခဲလုံးတွေ၊ လောက်လေးခွတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြကြောင်း၊ နေ့လယ် ၂ နာ ရီမှာတော့ ရဲတွေက ရွာကို ၀ိုင်းလိုက်ကြကြောင်း၊ ခုရွာထဲက လူရာနဲ့ချီပြီး ကျေးရွာနားက ဘောလုံးကွင်းထဲမှာ စုနေရကြောင်း ပြောပါတယ်။
“လုပ်အားပေးသွားလုပ်တာပေါ့။ ကိုယ့်လယ်ယာရရှိရေးအတွက် သွားလုပ်တဲ့အခါမှာ ကိုယ့်လုပ်ငန်းကိုယ် စလုပ်ဖို့ ရှိသေးတယ်။ ရဲကားတွေ ကားတစီးနဲ့ လာရော။ လာတော့ မိုးပေါ်တွေကို အချက် ၅၀ လောက် ပစ်ဖောက်တယ်။ နောက်ပိုင်း ကျမတို့ လူတွေဘက်လှမ်း ပစ်တဲ့အခါကျတော့ ခြေထောက်ကို မှန်သွားတယ်။ ရဲတွေက သေနတ်တွေနဲ့ ပစ် ကျမတို့ကလည်း လောက်လေးနဲ့ သူတို့ကို ပစ်။”
ညောင်ဝန်းကျေးရွာသားတွေက ဇွန်လ အစောပိုင်းတုန်းက သိမ်းဆည်းထားတဲ့ လယ်မြေတွေပြန်ရရှိဖို့ ထွန်တုံးတိုက်ပွဲလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ထွန်တုံးတိုက်ပွဲတုန်းကတော့ ၀င်ရောက်နှိမ်နင်းခြင်းမရှိပဲ လူစုကွဲလောက်တဲ့ ခုလိုကာလမှသာ နှိမ်နင်းတာဖြစ်ကြောင်း ညောင်ဝန်းကျေးရွာမှာ ရောက်ရှိနေတဲ့ လယ်သမားအရေးဆောင်ရွက်သူ ကိုသန့်ဇင်ထက်က ပြောပါတယ်။
“ပြောရမယ်ဆိုရင် အာဏာပိုင်ဘက်က အကြမ်းဖက်မှုတခုလို့ပဲ မြင်တယ်။ လူအင်အား ကွဲသွားတဲ့အချိန်ပေါ့။ စိုက်ပျိုးရာသီဖြစ်တဲ့အတွက် တခြားလယ်တွေ ထွက်စိုက်နေကြတယ်။ အဲဒီလို သွားစိုက်နေတုန်း လူအင်အားကွဲနေတဲ့အချိန်မှာ သူတို့က အခုလို အကြမ်းဖက်ခြင်း ဖြစ်တယ်လို့ပဲ ကျနော်မြင်တယ်ခင်ဗျ။”
နောက်ဆုံးဖုန်း ဆက်သွယ်တဲ့ သုံးနာရီ ဆယ့်ငါးအချိန်အထိ ရဲတွေနဲ့ ရွာသားတွေ အပြန်အလှန် ၀ိုင်းထားတယ်လို့ ဆိုပါတယ်။
ရဲအင်အားကို ထပ်တိုးနေတာလည်း တွေ့ပြီး ညဘက်အချိန်ကြရင် အခြေအနေ ပိုဆိုးလာဖွယ်ရှိတယ်လို့ ကိုသန့်ဇင်ထက်က ပြောပါတယ်။
အဆိုပါပဋိပက္ခနဲ့ပတ်သက်ပြီး စဥ့်ကူးမြို့နယ် ရဲစခန်းကို ဖုန်းဆက်မေးရာမှာ လက်ပံလှ ရဲစခန်းကို လွှဲပေးခဲ့တယ်လို့ ပြောပါတယ်။ လက်ပံလှ ရဲစခန်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ ရဲတပ်ကြပ်ကြီး ထွန်းနိုင်သိန်းက ခုလိုဆိုပါတယ်။
“ကျနော်တို့က ဘာမှ မရသေးဘူးခင်ဗျ။ ကျနော်တို့က မသိဘူးခင်ဗျ။”
ဇွန်လ ၆ ရက်နေ့တုန်းက ညောင်ဝန်းကျေးရွာသူ ကျေးရွာသား ရာချီဟာ လွန်ခဲ့တဲ့နှစ် ၄၀ လောက်က သူတို့ပိုင်လယ်မြေတွေကို ပြန်လည်ရရှိဖို့ ထွန်တုံးတိုက်ပွဲ ဆင်နွှဲ ခဲ့ကြဖူးပါတယ်။










