DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ကို လူထုဆန္ဒနှင့်အနီးစပ်ဆုံး ပြင်ဆင်ထားဟုဆို
DVB
·
August 14, 2014
ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ကို လူထုဆန္ဒနှင့်အနီးစပ်ဆုံး  ပြင်ဆင်ထားဟုဆို
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ကို လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီက “ပြင်ဆင်ပြီးသွားပြီလို့ ကော်မတီဝင်တွေက ပြောပါတယ်။

Staff-sell-copies-of-Myanmars-constitution-at-the-Lower-House-of-Parliament-in-Naypyitaw-July-9-2012.-300x192ပုဒ်မ ၄၃၆ အပါအ၀င် ၂၀၀၈ ဖွဲ့စည်းပုံ အခန်း ၁ ကနေ ၁၅ အထိ ပုဒ်မပေါင်း ၄၅၀ ကျော်ကို ပြင်ဆင်ပြီးသွားပြီလို့ ၃၁ ဦးပါ လွှတ်တော်ကော်မတီထဲက အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါက်တာ အေးမောင်က ဒီဗွီဘီကို ပြောပါတယ်။

“၄၃၆ ကလည်းပဲ ကျနော်တို့ ပြင်ပြီးပါပြီ။ သူ့ရဲ့ ပြင်ဆင်ချက်တွေနဲ့ ၃၁ ဦးမှာပါတဲ့ ပုဂ္ဂိုလ်အသီးသီးရဲ့ ရပ်တည်ပုံလေးတွေကို မှတ်ချက်နဲ့ ကျနော်တို့ ရေးပေးရပါတယ်။ ပုဒ်မ ၄၃၆ အပါအ၀င် ပုဒ်မပေါင်း ၄၅၀ ကျော် ပြင်ပြီးပါပြီ။ ဘယ်လိုပြင်လဲဆိုတာကိုတော့ ပြောလို့ မရသေးပါဘူး။ ကျနော်တို့ လူထုဆန္ဒနဲ့ အနီးစပ်ဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ပဲ သုံးသပ်နိုင်ပါတယ်”လို့ ပြောပါတယ်။

ပုဒ်မ ၄၃၆ ကို ဘယ်လို ပြင်ဆင်ထားတယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် အမည်မဖော်လိုတဲ့ တခြားကော်မတီဝင်တဦးကတော့ “၄၃၆ အခြေအနေကတော့ သိပ် မဆိုးပါဘူး။ ၇၅ ရာခိုင်နှုန်းကျော် ဆိုတာကို ပယ်ဖျက်သင့်တယ်။ ၃ ချိုး ၂ ချိုး လောက် ဖြစ်သင့်တယ်ဆိုတာမျိုး အနေအထားရှိတယ်”လို့ ပြောပါတယ်။

၂၀၀၈ ဖွဲစည်းပုံ ပုဒ်မ ၄၃၆ မှာ အခြေခံဥပဒေပြဋ္ဌာန်းချက်တွေကို ပြင်ဆင်လိုလျှင် လွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့သဘောတူပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမယ်လို့ ဖော်ပြထားတာပါ။

ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်ကော်မတီဝင် ဘားအံအမတ် နန်းစေးအွာကတော့ ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ခုလိုပြောပါတယ်။

“၇၅ ရာခိုင်နှုန်းကျော်လွန်မှ ပြင်ဆင်သင့်တယ်လို့ ရေးထားတဲ့အတွက်ကြောင့်ပေါ့နော်။ အဲဒီ နေရာမှာ ကျမတို့က ဖြေလျော့ရမှာပေါ့နော်။ ၇၅ ရာခိုင်နှုန်းအစား ၅၀ ရာခိုင်နှုန်းယူမှာလား၊ ၇၅ ရာခိုင်နှုန်းဆိုတာကတော့ တကယ့်တကယ်တော့ ဒါသိပ်မဖြစ်သင့်ဘူးပေါ့နော်။”

လွှတ်တော်ကော်မတီအနေနဲ့ ဖွဲ့စည်းပုံမှာ ပြောင်းသင့်တယ်ထင်တဲ့ အရာတွေကို ပြောင်းဖို့ အတတ်နိုင်ဆုံး ကြိုးစားနေကြပြီး အကုန်လုံးပြောင်းလဲမယ်လို့ မမျှော်လင့်တဲ့အကြောင်းလည်း နန်းစေးဟွာက ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ) သမ္မတ အရည်အချင်း သတ်မှတ်ချက်ကို ပြင်ဆင်ဖို့ ကိစ္စ ကတော့ ရုန်းကန်ရမယ့် အနေအထားရှိတယ်လို့ တခြား လွှတ်တော်ကော်မတီဝင်တဦးက ပြောပါတယ်။ ဒီပုဒ်မမှာ သမ္မတ ဒါမှမဟုတ် ဒုသမ္မတ ဟာ မိမိကိုယ်တိုင် ဒါမှမဟုတ် မိဘ၊ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ချွေးမနဲ့ သားမက်တွေဟာ နိုင်ငံခြားသား မဖြစ်ရဘူးဆိုတဲ့သဘော ပြဋ္ဌာန်း ထားတာပါ။

လွှတ်တော်ကော်မတီရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ချက် အသေးစိတ်ကိုတော့ ပြည်ထောင်စု လွှတ်တော်ကို တင်ပြတဲ့အချိန်ကြမှပဲ ပြည်သူအားလုံးသိခွင့်ရမှာဖြစ်ပါတယ်။ လတ်တလော ပုံမှန်ကျင်းပနေတဲ့ လွှတ်တော်ကော်မတီရဲ့ အစည်းအဝေးတွေကိုတော့ ရပ်နားထားကာ လွှတ်တော်ပြန်မစခင် တပတ်လောက်အလိုကျမှာ ကော်မတီအစည်းအဝေး ပြန်လည် ကျင်းပဖို့ ရှိပြီး နောက်ဆုံးကျန်နေတဲ့ ဖွဲ့စည်းပုံပါ ဇယားတွေကို သုံးသပ်ပြင်ဆင်ကြဖို့ အစီအစဉ်ရှိပါတယ်။

အန်အယ်လ်ဒီပါတီနဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ကတော့ ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကောက်ခံရထားတဲ့ လူထုလက်မှတ် ၅ သန်းလောက်ကို မနေ့ကပဲ လွှတ်တော် အကြီးအကဲတွေဆီ ပေးပို့ထားပြီး လိုအပ်သလို ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013