DVB Logo
Home
မြန်မာသတင်း
ကမ္ဘောဒီးယား ရိုးရာလက်ဝှေ့ချန်ပီယံပွဲတွင် ဒေဝနှင့် ပရွမ်ဆမ်နန် သရေကျ
DVB
·
November 6, 2023
ကမ္ဘောဒီးယား ရိုးရာလက်ဝှေ့ချန်ပီယံပွဲတွင် ဒေဝနှင့် ပရွမ်ဆမ်နန် သရေကျ
1 / 2
Donate to DVB

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာ ၅ ရက် ညပိုင်းက ကျင်းပခဲ့တဲ့ ကမ္ဘောဒီးယား ခွန်ခမာရိုးရာလက်ဝှေ့ ချန်ပီယံခါးပတ်လုပွဲမှာ ကနေဒါနိုင်ငံသား မြန်မာကိုယ်စားပြု လက်ဝှေ့ချန်ပီယံ ဒေဝနဲ့ ကမ္ဘောဒီးယား လက်ဝှေ့ချန်ပီယံ ပရွမ်ဆမ်နန်တို့ဟာ အနိုင် အရှုံး မပေါ်တာကြောင့် ပူးတွဲသရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

အဆိုပါပွဲဟာ ၉ မိနစ် တချီတည်း ထိုးသတ်ယှဉ်ပြိုင်ရတာဖြစ်ပြီး ခွန်ခမာလက်‌ဝှေ့စည်းမျဉ်းအရ ကစားသမားတွေဟာ အနားတောင်းယူခွင့်မရှိဘဲ အလဲထိုး အနိုင်ပေးခြင်း ဖြစ်ပါတယ်။

ဒေဝရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ “ပွဲ ဒီနေ့ပါ။ ကျနော့်ကစားသမားဘဝရဲ့ အရေးကြီးဆုံး နောက်ဆုံးပွဲ။ ၉ မိနစ် တချီတည်းသာ။ အလဲထိုးနိုင်မှသာ အနိုင်ရမယ့်စနစ်။ ကျနော့်ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသပြီး ပရိသတ်တွေကို ဂုဏ်ဆောင်ဖို့ အဆင်သင့်ပါပဲ။ ချစ်ပြီး အားပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ရေးသားထားပါတယ်။

ပွဲစဉ်ကို ကမ္ဘောဒီးယားစံတော်ချိန် ည ၇ နာရီကတည်းက စတင်ခဲ့တာဖြစ်ပြီး ကမ္ဘောဒီးယား  လက်ဝှေ့သမား ၆ ဦးနဲ့ ကာဂျစ်စတန်၊ တရုတ်၊ စပိန်၊ ဘရာဇီး၊ မြန်မာ စတဲ့နိုင်ငံတွေက လက်ဝှေ့သမား ၆ ဦးတို့ပါဝင်တဲ့ တွဲဆိုင်း ၆ ဆိုင်း ထိုးသတ်ခဲ့ကြပါတယ်။

ဒေဝနဲ့ ပရွမ်ဆမ်နန်တို့ရဲ့ ပွဲဆိုင်းဟာ မြန်မာအချိန် ည ၁၀ နာရီ မိနစ် ၅၀ ခန့်မှာ စတင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပွဲစပြီး ၂ မိနစ်ကျော်မှာ ဒေဝရဲ့ ညာဝိုက်လက်သီးကြောင့် ပရွမ်ဆမ်နန် လဲကျသွားခဲ့ပေမဲ့ ချက်ချင်းပြန်ထပြီး ဆက်လက်ထိုးသတ်ခဲ့ပါတယ်။

ပွဲဆိုင်းတ‌လျှောက်လုံး ဒေဝရဲ့ လက်သီး၊ ခြေကန်ချက်တွေနဲ့ စိုးမိုးထားနိုင်ခဲ့ပေမဲ့ ကမ္ဘောဒီးယားလက်ဝှေ့ကျော်ရဲ့ မာဂုဏ်ရှိတာကြောင့် ပွဲပြီးတဲ့အထိ အလဲထိုးနိုင်ခြင်းမရှိဘဲ သရေရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒေဝနဲ့ ထိုးသတ်ခဲ့တဲ့ ပရွမ်ဆမ်နန်ဟာ ၂၀၂၃ ဆီးဂိမ်းပြိုင်ပွဲ လက်ဝှေ့ပွဲမှာ မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်းကို အနိုင်ယူပြီး ဆီးဂိမ်းချန်ပီယံဖြစ်ခဲ့သူ ဖြစ်ပါတယ်။

ဒေဝဟာ ပရွမ်ဆမ်နမ်နဲ့ မထိုးသတ်ခင်မှာ လက်ဝှေ့ အလွတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် (၂၀၁၆)၊ Air KBZ အောင်လံ Championship (၂၀၁၆၊ ၂၀၁၇)၊ International Lethwei Federation Japan ILFJ ရဲ့ အလွတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်၊ မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ် MLWC၊ WLC Cruiserweight World ချန်ပီယံခါးပတ်၊ Sparta လက်ဝှေ့ပြိုင်ပွဲချန်ပီယံခါးပတ် စတဲ့ ရွှေခါးပတ် ၆ ခုအထိ ရရှိထားပါတယ်။

ခွန်ခမာလက်ဝှေ့နည်းအတိုင်း ကမ္ဘောဒီးယားချန်ပီယံ ပရွမ်ဆမ်နန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်ဟာ မြန်မာကိုယ်စားပြု လက်ဝှေ့ချန်ပီယံ ဒေဝရဲ့ လက်ဝှေ့သမားဘဝ နောက်ဆုံးယှဉ်ပြိုင်ထိုးသတ်ပွဲ ဖြစ်တယ်လို့ ဒေဝကိုယ်တိုင် လူသိရှင်ကြား ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013