ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ တရားမဝင်မြန်မာနိုင်ငံသား ၈ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ နိုဝင်ဘာ ၄ ရက်နေ့မှာ တာ့ခ်ခရိုင် လူဝင်ကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးအရာရှိတွေနဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အရာရှိတွေဟာ နိုဝင်ဘာ ၃ ရက်နေ့က မဲဆောက်မြို့၊ အမှတ် ၂ ကျေးရွာမှာ စစ်ဆေးနေတုန်း မနက် ၉ နာရီအချိန်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂ ယောက်ကို ဖမ်းဆီးရမိခဲ့သလို မွန်းလွဲ ၃ နာရီခွဲမှာလည်း စစ်ဆေးမခံဘဲ ထွက်ပြေးခဲ့တဲ့ အသက် ၂၂ နှစ်အရွယ်မြန်မာနိုင်ငံသားတယောက်ကို မဲဆောက်ဈေးမှာ ဖမ်းမိခဲ့ပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့မှာလည်း လူဝင်ကြီးကြပ်ရေးအရာရှိများအဖွဲ့ဟာ အမှတ် ၂ ကျေးရွာနားမှာပဲ မနက် ၈ နာရီခွဲအချိန်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁ ဦးကို ဖမ်းဆီးရမိခဲ့သလို မွန်းလွဲ ၁ နာရီအချိန်မှာလည်း မြန်မာနိုင်ငံသား ၂ ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်။
မဲဆောက်မြို့၊ ဘန်ဟိုင်းဟင်ဖန်စစ်ဆေးရေးဂိတ်မှာ လူဝင်ကြီးကြပ်ရေး တားဆီး နှိမ်နင်းရေးအဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကလည်း နိုဝင်ဘာ ၄ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်က စစ်ဆေးနေတုန်း နေထိုင်ခွင့်သက်တမ်း ၄၂၇ ရက်ကျော်ခဲ့တဲ့ အသက် ၃၉ နှစ်အရွယ် မြန်မာနိုင်ငံသားတယောက်နဲ့ နေထိုင်ခွင့်သက်တမ်း ၂၂၉ ရက်ကျော်ခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် မြန်မာနိုင်ငံသားတယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသား ၈ ယောက်ထဲက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၆ ယောက်ကို တာ့ခ် လူဝင်ကြီးကြပ်ရေးရုံးမှာ ဆက်လက်စစ်ဆေးနေပြီး နေထိုင်ခွင့် သက်တမ်းကျော်ခဲ့တဲ့ မြန်မာနိုင်ငံသား ၂ ယောက်ကိုတော့ မဲဆောက်မြို့မ ရဲစခန်းမှာ ဆက်လက်စစ်ဆေးနေပါတယ်။
မဲဆောက်မြို့မှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ခိုးဝင်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ဖမ်းဆီးသွားမယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ကြေညာခဲ့ပြီး ၂ လအတွင်း မြန်မာနိုင်ငံသား ၁၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။
Photo. Tak Immigration