
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို နိုဝင်ဘာ ၄ ရက်မှာ သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘနိစ် ရောက်လာခဲ့ကြောင်း သိရပါတယ်။
ဒါဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ၇ နှစ်တာ ကာလအတွင်း တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့တဲ့ သြစတြေးလျခေါင်းဆောင် တဦးလည်း ဖြစ်ပါတယ်။
တယ်လီကွန်းကုမ္ပဏီ ဟွာဝေးအပါအဝင် ကိုဗစ်-၁၉ နဲ့ သူလျှိုလုပ်ထောက်လှမ်းမှု စတဲ့ အငြင်းပွားမှု ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာ ယိုယွင်းလာခဲ့တဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို သြစတြေးလျအစိုးရက ပြန်လည်တည်ငြိမ်အောင် ကြိုးပမ်းနေတာပါ။
ပြီးခဲ့တဲ့ စနေနေ့ညပိုင်းက တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲကြီးရဲ့ အဖွင့်တည်ခင်းဧည့်ခံပွဲကို ကျင်းပ ပြုလုပ်ခဲ့ရာ တရုတ်ဝန်ကြီးချုပ် လီချန်းက အယ်လ်ဘနိစ်ကို လက်ခံကြိုဆိုခဲ့တယ်လို့ သြစတြေး လျ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၅ ရက်အတွင်း တရုတ်ဝန်ကြီးချုပ် လီ ကိုယ်တိုင် ရှန်ဟိုင်းမြို့မှာ ဖွင့်လှစ်ပေးသွားမယ့် ထိပ်တန်းသွင်းပြပွဲကို သြစတြေးလျ ခေါင်းဆောင်လည်း တက်ရောက်ဖို့ ရှိနေပါ တယ်။
လာမယ့် နိုဝင်ဘာ ၆ ရက်မှာတော့ တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ အယ်လ်ဘနိစ် တွေ့ဆုံသွားမှာ ဖြစ်ပြီး တောင် တရုတ်ပင်လယ်အတွင်း တင်းမာမှုမြင့်တက်လာတဲ့အပေါ် စိုးရိမ်မှုရှိတာကြောင့် ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပေကျင်းမြို့တော်မှာ သူလျှိုပြုလုပ်မှု စွဲချက်တွေနဲ့အတူ ထောင်ဒဏ် ၄နှစ် ချမှတ်ခံထားရတဲ့ သြစတြေးလျ စာရေးဆရာ ယန်ဟန်ဂျွန်ရဲ့ အမှုကိုလည်း အာရုံစိုက်မှုရရှိအောင် ထုတ်ဖော်ပြောဆို သွားမှာ ဖြစ်တယ်လို့ အယ်လ်ဘနစ်က မှတ်ချက်ပေးပါတယ်။
Source/Photo-Reuters











