Home
မြန်မာသတင်း
ဖမ်း‌ဆီးခံ NLD လွှတ်တော်အမတ် ၂ ဦးနှင့် ပါတီဝင် ၁ ဦး ပြန်လွတ်
DVB
·
November 4, 2023
NLD 4112023

စစ်တပ်အာဏာသိမ်းပြီးချိန်က ဖမ်းဆီးခံထားရတဲ့ NLD လွှတ်တော်အမတ် ၂ ယောက်နဲ့ ပါတီဝင်တယောက် လွတ်ရက်စေ့လို့ နိုဝင်ဘာ ၃ ရက်နေ့မှာ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ရန်ကုန် ရွေဂုံတိုင်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ရုံးချုပ်မှာ ရုံးတက်နေတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိမ်း၊ ဦးစိုးလေး(ဦးစိုးဝင်း)နဲ့ ရခိုင်လူငယ်လုပ်ငန်းအဖွဲ့ဝင် ကိုဟိန်းမင်းထက်တို့ကို ၂၀၂၁ မေလမှာ စစ်‌ကောင်စီက ဖမ်းဆီးခဲ့ပြီး မတရားအသင်းဆက်သွယ်ရေးပုဒ်မ(၁၇/၁)နဲ့ ၂၀၂၂ မေလမှာ ထောင် ၃ နှစ်စီ ချခဲ့ပါတယ်။

ဦးဘမျိုးသိမ်း၊ ဦး‌စိုးလေးနဲ့ ကိုဟိန်းမင်းထက်တို့ဟာ လွတ်ရက်စေ့လို့ ပြန်လည် လွတ်မြောက်လာတာဖြစ်ပြီး ကျန်းမာရေးလည်း ကောင်းမွန်တယ်လို့ ‘ထောင်ဝင်စာ တွေ့ကြမယ်’ အဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“သူတို့ အင်းစိန်ထောင်ကနေ မနေ့မနက်ကပဲ လွတ်လာတာပါ။ လွတ်လာအတည်ဖြစ်ပြီး လွတ်ရက်စေ့လို့လွတ်လာတာပါ။ ကျန်းမာရေးအခြေအနေလည်းကောင်းပါတယ်။ လောလောဆယ်ဆယ်တော့ ရန်ကုန်မှာပါ။ ပြီးရင် သူတို့နဲ့ နီးစပ်တဲ့အိမ်တွေကို ပြန်ပါမယ်” လို့ပြောပါတယ်။

ရန်ကုန်တိုင်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးဘမျိုးသိမ်းဟာ အမျိုးသားလွှတ်တော်မှာ တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့သူဖြစ်ပြီး ဦးစိုးလေးကတော့ ရခိုင်ပြည်နယ် NLD ပါတီ ဒုတိယဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာ ကော်မတီဝင်တယောက် ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်ပေါင်း ၁၉၁၀ ဖမ်းဆီးခံခဲ့ရတယ်လို့ NLD လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းတင် ကောက်ယူရေးအဖွဲ့ (HRDT-NLD)က စက်တင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထား ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024