
အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသမှာ ၂၄ နာရီအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း ဟားမတ်စ် တာဝန်ရှိသူတဦးက နိုဝင်ဘာ ၂ ရက်မှာ စွပ်စွဲ ပြောကြားခဲ့ပါတယ်။
ဂျာဘာလီယာနဲ့ နူဆေရတ် ဒုက္ခသည်စခန်းတွေကို အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူ လူပေါင်း ၁,၀၀၀ ကျော်ရှိကြောင်း ဟားမတ်စ်ရဲ့ နိုင်ငံတကာဆက်ဆံရေးအရာရှိ အော့ဆာမာ ဟမ်ဒန်က ဘေရွတ်မြို့မှာ ပြောဆိုခဲ့ပါတယ်။
ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေဟာ ဆေးရုံတွေမှာ အခြေစိုက်နေတယ်ဆိုပြီး အစ္စရေးရဲ့ အခိုင်အမာ ပြောဆိုမှုတွေဟာ အလိမ်အညာတွေဖြစ်ပြီး ဆေးရုံတွေကို တိုက်ခိုက်မှုတွေက ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိလာမှာဖြစ်ကြောင်း သတိပေးလိုက်တယ်လို့လည်း ဟမ်ဒန်က ဆိုပါတယ်။
အစ္စရေးကိုထောက်ခံတဲ့ အမေရိကန်နဲ့ ဂျာမနီတို့ဟာလည်း ‘သွေးထွက်သံယိုမှု အားလုံးအတွက် ကြံဖော်ကြံဘက်တွေ ဖြစ်တယ်’ လို့လည်း ဟမ်ဒန်က စွပ်စွဲခဲ့ပါတယ်။
ဂျာမနီဟာ အကြမ်းဖက်အဖွဲ့လို့ ယူဆထားတဲ့ ဟားမတ်စ်အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို နိုင်ငံတွင်းမှာ ပိတ်ပင်ထားပါတယ်။
ပိတ်ဆို့ခံထားရတဲ့နယ်မြေကို အစ္စရေးလေကြောင်းနဲ့ အမြောက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၄ ပတ်နီးပါးအတွင်း ပါလက်စတိုင်း သေဆုံးသူဦးရေဟာ ကြာသပတေးနေ့အထိ ၉,၀၀၀ ကျော် မြင့်တက်လာခဲ့ကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters