DVB Logo
Home
မြန်မာသတင်း
တိုက်ခိုက်လာသူများကို တန်ပြန် ချေမှုန်းမည်ဟု စစ်ခေါင်းဆောင်ကြုံးဝါး
DVB
·
November 3, 2023
တိုက်ခိုက်လာသူများကို တန်ပြန် ချေမှုန်းမည်ဟု စစ်ခေါင်းဆောင်ကြုံးဝါး
Donate to DVB

ရှမ်းပြည်မြောက်ပိုင်းက မြို့ ၃ မြို့နဲ့ စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်ဖွဲ့ စခန်းတွေကို တိုက်ခိုက် သိမ်းပိုက်ခံရပြီးနောက်  MNDAA၊ TNLA နဲ့ AA ပူးပေါင်းမဟာမိတ်တပ်တွေကို တန်ပြန်ချေမှုန်းတိုက်ခိုက်သွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

နေပြည်တော် စစ်ကောင်စီရုံးမှာ  နိုဝင်ဘာ ၂ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျနော်တို့က တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုထားပြီး ဆောင်ရွက်ပေးခဲ့တာတွေ၊ နားလည်ပေးခဲ့တာတွေ ရှိတယ်။ အခုက သည်းခံနိုင်စွမ်း မရှိတော့ဘူး။ ဒီလို ပစ်ခတ်တိုက်ခိုက်မှုတွေကို တန်ပြန်ချေမှုန်းတိုက်ခိုက်သွားမှာဖြစ်တယ်” လို့ ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေချိန် နေပြည်တော်မှာကျင်းပတဲ့  (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကိုလည်း မိမိကိုယ်တိုင် အလေးထား တက်ရောက်အားပေးခဲ့ပါကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ အောက်တိုဘာ ၂၇ ရက်က စတင်ကာ MNDAA၊ TNLA နဲ့ AA ပူးပေါင်းမဟာမိတ်အဖွဲ့တွေက ကိုးကန့်ဒေသအတွင်း နယ်မြေလုံခြုံရေးစခန်းတွေနဲ့ ဌာနဆိုင်ရာရုံးတွေကို တိုက်ခိုက်ခဲ့သလို ကချင်ပြည်နယ်မှာလည်း KIA အဖွဲ့က လမ်းပန်းဆက်သွယ်ရေး၊ နယ်မြေလုံခြုံရေးစခန်းတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောဆိုပါတယ်။

MNDAA၊ TNLA၊ AA နဲ့ KIA အဖွဲ့တွေဟာ မိမိတို့ရဲ့ တပ်စခန်းတွေကို သာလွန်အင်အားနဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်လို့ တပ်စခန်းတွေ ပြန်လည်ရရှိရေးအတွက် ချေမှုန်းတိုက်ခိုက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၇ ရက်တာ ကာလအတွင်း စစ်တပ်စခန်း ၉၂ ခုနဲ့ မြို့ ၄ ခုကို မြောက်ပိုင်းမဟာမိတ်တပ်တွေက သိမ်းပိုက်ရရှိခဲ့ပါတယ်။

စစ်ဘက် အကြီးတန်းအရာရှိကြီးတဦးက “သူကသာ ချေမှုန်းမယ်ပြောနေတာ၊ တပ်ရင်းမှူး အဆင့်ထိ ကျတာ။ ကနဦးသတင်းအရဆို ဗိုလ်မှူးကြီး အပါအဝင် အရာရှိ ၁၆ ဦးနဲ့ တပ်သား ရာနဲ့ချီပြီး သေတယ်။ ​မြေပြင်သတင်း အတိအကျဆို ဘယ်လောက်သေမလဲ မသိသေးဘူး။ ဒါကြောင့် ကက(ကြည်း)က ဒုချုပ်စိုးဝင်း ကိုယ်တိုင် ဦးဆောင်နေတာ။ လေကြောင်းနဲ့ပဲ ပစ်လို့ရတယ်။ ကြည်းတပ်နဲ့ တိုက်လို့မရဘူး။ အခု တပ်က ဘယ်ကစတိုက်ရမှန်းကို မသိတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နိုဝင်ဘာ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၆,၂၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရပြီး သစ်တောတွေနဲ့ ဘာသာရေးဆိုင်ရာ နေရာတွေမှာ ခိုလှုံနေရတယ်လို့ ဖော်ပြထားပါတယ်။

လတ်တလောမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနဲ့ ကြူကုတ်(ပန်ဆိုင်း) မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီအနေနဲ့ တပ်ရင်း၊ တပ်ဖွဲ့ စခန်း ၉၂ ခုအထိ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

Photo -DSINFO

https://www.facebook.com/photo/?fbid=10159758006067913&set=gm.921379336080396&idorvanity=301036518114684
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013