
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးအန္တရာယ်ကို ရှောင်တိမ်းဖို့ ဗုံးခိုကျင်းထဲ တိမ်းရှောင်နေတဲ့ သားအမိနှစ်ဦး ဗုံးခိုကျင်းပြိုကာ မြေပိသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နိုဝင်ဘာ ၁ ရက် ညပိုင်းက မူဆယ်-မန္တလေး လမ်းမပေါ်ရှိ နမ့်ခွန်ကျေးရွာက သစ်ကြားသီးခြံရှိ ဗုံးခိုကျင်းထဲမှာ လက်နက်တွေရဲ့အန္တရာယ်ကို တိမ်းရှောင်ရင်း သားအမိနှစ်ဦး ဗုံးခိုကျင်းပြိုကာ မြေပိသေဆုံးခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ သားအမိနှစ်ဦးဟာ နိုဝင်ဘာ ၁ ရက် ညက ဗုံးခိုကျင်းထဲ ဝင်ရောက်ခိုလှုံခဲ့ပြီး နိုဝင်ဘာ ၂ ရက် မနက်မှာ ပြန်ထွက်လာတာ မရှိသေးတဲ့အတွက် ရှာဖွေကြည့်ရာမှာ မြေပိသေဆုံးနေတာဖြစ်တယ်လို့ နမ့်ခွန်ရွာသားတဦးက ပြောပါတယ်။
သေဆုံးသွားတဲ့သားအမိနှစ်ဦးဟာ မိခင်ဖြစ်သူ အသက် ၄၅ နှစ်ခန့်အရွယ်ရှိ ဒေါ်ခေါဝန်င်နဲ့ သားဖြစ်သူ အသက် ၁၂ နှစ်ခန့်အရွယ်ရှိ မောင်တန်ဘောက်ခေါင်ဇောင်းတို့ ဖြစ်ပါတယ်။
နမ့်ခွန်ရွာသားတဦးက “လက်နက်ကြီးသံတွေကြားလို့ ညမှာ ကတုတ်ကျင်းထဲ ဝင်ပုန်းနေကြတာ မနက်ရောက်တော့ ထွက်မလာသေးလို့ သွားခေါ်ဖို့ကြည့်တဲ့အချိန်မှာ သားအမိက မြေပိသေနေတာ ဘယ်အချိန် မြေပြိုသွားလဲဆိုတာတော့ မသိသေးဘူး” လို့ ပြောပါတယ်။
မြေပိပြီး သေဆုံးသွားတဲ့ သားအမိနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို နိုဝင်ဘာ ၃ ရက်မှာ မြေမြှုပ်သင်္ဂြိုဟ်သွားဖို့ အစီအစဉ်ရှိနေပါတယ်။
မနေ့မနက်ကလည်း မူဆယ်မြို့နယ် ကြူကုတ်ပန်ဆိုင်းမြို့ ဘုရားကျောင်းအနီးရှိ မနောင်ကွင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တဲ့ဗုံး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တဦး အပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ပါတယ်။