DVB Logo
Home
မြန်မာသတင်း
DMG သတင်းထောက် ကိုထက်အောင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်
DVB
·
November 2, 2023
DMG သတင်းထောက် ကိုထက်အောင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်
Donate to DVB

ရခိုင်အခြေစိုက် Development Media Group (DMG) သတင်းဌာနရဲ့ သတင်းထောက် ကိုထက်အောင်ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅(ဃ) နဲ့ စစ်တွေ မြို့မရဲစခန်းမှ အောက်တိုဘာ ၃၁ ရက်က အမှုဖွင့်လှစ်ထားတယ်လို့ မိသားစုက ပြောပါတယ်။

ကိုထက်အောင်ကို  စစ်တွေမြို့နယ်တရားရုံးမှာ နိုဝင်ဘာ ၁၅ ရက်အထိ ချုပ်ရမန်ယူထားတယ်လို့လည်း သူ့ရဲ့မိခင် ဒေါ်မအေးကြည်က ဒီဗွီဘီကို ပြောပါတယ်။

“စစ်တွေမြို့မရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅(ဃ)နဲ့ အမှုဖွင့်ပြီး တရားရုံးမှာ ချုပ်ရမန်ယူထားတယ်လို့ သိရတယ်။ တရားရုံးကို ကျမက သွားမေးတယ်၊ တရားလိုက ဘယ်သူလဲ၊ အခု တရားစွဲတာ မရှိသေးဘူး၊ ချုပ်ရမန်ယူထားတာလို့ ပြောတယ်။ သူ့ကို နိုဝင်ဘာ ၁၅ အထိ ချုပ်ရမန်ယူထားတယ်လို့ သိရတယ်။ ကျမသားနဲ့လည်း တွေ့ခွင့်မရခဲ့ဘူး။ လောလောဆယ်မှာ တွေ့ခွင့်မရသေးဘူးလို့ ရဲက ပြောတယ်။ ကျမက တွေ့ချင်တယ်။ ကျမသားမှာ ဘာအပြစ်မှလည်း မရှိဘူး။ နောက်တခု ကျမပြောချင်တာကတော့ DMG သတင်းဌာနရဲ့ နောက်ကြောင်းကို ကျမသားက ဘာတခုမှလည်း မသိဘူး။ သူ အလုပ်ဝင်တာလည်း လပိုင်းလောက်ပဲ ရှိသေးတယ်။ ကျမသားက တက္ကသိုလ် အဝေးသင်ကျောင်းသားတဦးပါ။ ကျမနဲ့ နှစ်ယောက်တည်း နေတာပါ။ ကျမမှာလည်း လုံလောက်စွာ ပေးစရာမရှိတော့၊ အလုပ်ကလည်း ရှားတယ်။ ရတဲ့အလုပ်မှာ ဝင်လုပ်နေတာ။ ဝါရင့်သတင်းထောက်လည်း မဟုတ်သေးပါဘူး” လို့ ပြောပါတယ်။

အောက်တိုဘာ ၂၉ ရက် သီတင်းကျွတ်လပြည့်နေ့က စစ်တွေမြို့ ဆွမ်းတော်ကြီးလောင်းပွဲမှာ သတင်းသွားယူတဲ့ သတင်းထောက် ကိုထက်အောင်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီး အောက်တိုဘာ ၃၁ ရက်မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅(ဃ) နဲ့ စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်လိုက်​ပြီး နိုဝင်ဘာ ၁၅ ရက်အထိ ရက်သတ္တနှစ်ပတ် ချုပ်ရမန်ရယူထားတာဖြစ်ပါတယ်။

ကိုထက်အောင်ဟာ ဒုတိယနှစ် မြန်မာစာမေဂျာ ကျောင်းသားတဦး ဖြစ်ပြီး အခုလို အဖမ်းခံထားရတဲ့အတွက်  နိုဝင်ဘာ ၁ ရက်ကစပြီး ဖွင့်လှစ်သင်ကြားတဲ့ အဝေးသင်တက္ကသိုလ် အနီးကပ်သင်တန်းကို တက်ရောက်ခွင့်မရ ဖြစ်နေပါတယ်။

သူတို့သားမိနှစ်ဦးမှာ ရသေ့တောင် ခွဆုံကျေးရွာမှာ ၂၀၁၈ ခုနှစ် အေအေနဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲကာလအတွင်း စစ်တွေမြို့ မင်းဂံအကွက် ၁၀ ရှိ ဓမ္မစကုပရဟိတကျောင်း စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ နေထိုင်နေကြတာလို့ ကိုထက်အောင် မိခင်က ပြောပါတယ်။

DMG သတင်းတိုက်ရဲ့ တာဝန်ခံအယ်ဒီတာ ကိုဇော်ဇော်ကတော့ “ကျောင်းသားတယောက် အနေနဲ့ စာမေးပွဲကာလမှာ ဖမ်းဆီးခံထားရတာ နစ်နာတာပေါ့။ ကာယံရှင် ကိုထက်အောင်ကတော့ ပိုပြီး ထိခိုက်တာပေါ့။ ပုဒ်မတွေကိုတော့ အတိအကျတော့ မသိရသေးဘူး။ ကြားရတာကတော့ ပုဒ်မ-၆၅ နဲ့လို့ ကြားတယ်။ အဲဒီပုဒ်မနဲ့ဆိုရင်တော့ အာမခံ မရနိုင်ဘူး။ ကျောင်းတက်ဖို့ အခက်အခဲ ဖြစ်သွားမယ်။ လက်ရှိမှာတော့ ကျနော်တို့ဘက်က ရှေ့နေတွေနဲ့ ဆွေးနွေးတိုင်ပင်နေကြတယ်။ အမှုအသွားအလာနဲ့ ပတ်သက်ပြီး တိုင်ပင်စရာရှိတဲ့သူတွေနဲ့ တိုင်ပင်ပြီး အကောင်းဆုံး လုပ်ဆောင်သွားဖို့ စီစဥ်နေပါတယ်” လို့ ပြောပါတယ်။

တက္ကသိုလ်ကျောင်းသားတဦးကို မတရားစွပ်စွဲပြီး အာမခံမရနိုင်တဲ့ ပုဒ်မနဲ့ အမှုဖွင့်ထားတဲ့အပေါ် ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “သူ့အနေနဲ့ စာမေးပွဲဖြေရမယ့် အနီးကပ်အချိန်ကို ရောက်နေပြီဆိုတော့ အများကြီး နစ်နာသွားမယ်။ တက္ကသိုလ်က တာဝန်ရှိသူတွေအနေနဲ့လည်း ကျောင်းသားတယောက်ကို ကာကွယ်ပေးရမယ့်တာဝန် ရှိတယ်။ တက္ကသိုလ်က တာဝန်ရှိသူတွေအနေနဲ့လည်း ဒီကျောင်းသား စားမေးပွဲဖြေဆိုနိုင်ဖို့ အာမခံရအောင် လုပ်ပေးသင့်တယ်လို့ မြင်တယ်။ ကျနော်တို့ ရခိုင်ပြည်နယ်ကျောင်းသားသမဂ္ဂ အနေနဲ့လည်း အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ဆောင်သွားဖို့ ရှိပါတယ်” လို့ ပြောပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅(ဃ) မှာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကို လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်ရင် အရေးယူနိုင်တဲ့ ပုဒ်မတခုဖြစ်ပြီး အာမခံမရတဲ့ ပုဒ်မတခုဖြစ်ကြောင်း တရားရေးလွှတ်တော် ဥပဒေအရာရှိတွေထံက စုံစမ်းသိရှိရပါတယ်။

အရင်က DMG သတင်းဌာန အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာနဲ့ သတင်းထောက် အမျိုးသမီးတဦးတို့ဟာလည်း  NLD အစိုးရလက်ထက်က အမှုဖွင့်ခံခဲ့ရပြီး သတင်းထောက် ကိုထက်အောင်ကတော့  ၄ ဦးမြောက် အမှုဖွင့်လှစ်ခံရတာ ဖြစ်ပါတယ်။

ရခိုင်အခြေစိုက် မီဒီယာတွေအားလုံးမှာ စစ်ကောင်စီရဲ့ စောင့်ကြည့်ခံနေရကာ ဖမ်းဆီးဖို့ လိုက်ရှာနေလို့ Narinjara ၊ Western News နဲ့  BNA စတဲ့ သတင်းမီဒီယာတွေလည်း ရုံးခန်းဖွင့်လှစ်ပြီး  သတင်းလုပ်ငန်း လုပ်ကိုင်ဖို့ ခက်ခဲနေကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ  သတင်းဌာန ၁၀ ခု ကျော်ကို စစ်ကောင်စီက မတရားပိတ်သိမ်းခဲံပြီး သတင်းထောက် ၁၄၀ ကျော်အား ဖမ်းဆီးခဲ့ကာ သတင်းထောက် ၆၀ ကျော်လောက် အကျဥ်းကျခံနေရကာ  သတင်းသမား ၄ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ သတင်းမှတ်တမ်းတွေရ သိရပါတယ်။

(ဓာတ်ပုံ - Htet Aung facebook)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013