Home
မြန်မာသတင်း
ရခိုင်အခြေစိုက် DMG သတင်းထောက်နှင့် ညစောင့် ဖမ်းဆီးခံရ
DVB
·
October 30, 2023

ရခိုင်အခြေစိုက် DMG သတင်းဌာနရဲ့ သတင်းထောက် ၁ ဦးနဲ့ ညစောင့် ၁ ဦးတို့ကို  အောက်တိုဘာ ၂၉ ရက် နေ့လယ်မှာ ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးပြီး  ကင်မရာနဲ့ ကွန်ပျူတာတွေ အပါအဝင် စာရွက်စာတန်းတွေကို သိမ်းဆည်းသွားတယ်လို့ DMG သတင်းတိုက်အယ်ဒီတာတဦးက အတည်ပြု ပြောပါတယ်။

DMG သတင်းထောက် ကိုထက်အောင်ဟာ မနေ့က စစ်တွေမြို့ ဆွမ်းတော်ကြီးလောင်းလှူပွဲကို သတင်းဓာတ်ပုံ သွားရိုက်စဉ်  ဖမ်းဆီးခံရပြီး  DMG  ရုံးကို  ဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

DMG အယ်ဒီတာ ကိုဇော်ဇော်က"ကျနော်လည်း မျက်မြင်တွေ့လိုက်ရတာ မရှိဘူး။ သီတင်းကျွတ် ရုံးပိတ်ထားတာလေ။ ပတ်ဝန်းကျင်ကို မေးကြည့်တော့ ရဲကား ၃ စီးနဲ့ လာကြတယ်။ ရုံးထဲက ကင်မရာတွေ၊ ကွန်ပျူတာတွေနဲ့ သယ်လို့ရတဲ့ အရာတွေ သယ်သွားတယ်လို့ သိရတယ်။ အခုလို လုပ်ရတာတာကတော့ သူတို့ အပြောအရ Register မရှိတော့ဘူး။ နောက်ပြီး တရားခံပြေးအနေနဲ့ သိရတယ်။ မီဒီယာ တခုကို တရားစွဲရင်လည်း စွဲ။ အမှုဖွင့်ချင်လည်း ဖွင့်ပေါ့။ အာဏာရှိတယ်၊ လက်နက်ရှိတယ်ဆိုပြီး အတင်းအားအဓမ္မ လုပ်တာပေါ့လေ။"လို့ အတည်ပြုပြောပါတယ်။

မနေ့ နေ့လယ် ၁၂ နာရီကျော်က အနောက်စံပြရွာရှိ  DMG ရုံးစိုက်ရာ နေအိမ်ကို စစ်ကောင်စီ ရဲနဲ့ စစ်သားတွေအပါအဝင် တပ်ဖွဲ့ဝင် အင်အား ၂၀ ဝန်းကျင်လောက်က ကားသုံးစီးနဲ့ လာရောက် ဖမ်းဆီး သွားတာလို့ မျက်မြင်ဒေသခံ တဦးက ပြောပါတယ်။

"ရှေ့က ပွိုင့်ကား တစီး၊ မက်တူးကား တစီး၊ နောက်ထပ်ရဲကား တစီး၊ ရဲအင်အားအားက ၁၀ ဦးကျော်၊ အရပ်ဝတ်နဲ့ ၅ ဦးလောက်ပါတယ်။ သူတို့နဲ့အတူ ကောင်လေး တယောက်လည်း ပါလာတယ်။ မနက် ၁၂ နာရီကတည်းက  ရုံးထဲဝင်သွားတာ နေ့လယ်  ၂ နာရီမှာ ပြန်ထွက်လာကြ တယ်။ ကင်မရာနဲ့ ကွန်ပျူတာတွေကို သိမ်းသွားတာ တွေ့တယ်။"

သတင်းထောက်ကို ဖမ်းဆီးပြီးနောက် DMG ရုံးကို စီးနင်းကာ  ချိတ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့  ဖမ်းဆီးခံရသူ ၂ ယောက်ကို  စစ်တွေမြို့ အမှတ်(၁)ရဲစခန်းမှာပဲ ထိန်းသိမ်းထားပြီး  ဘာကြောင့် ဖမ်းဆီးတယ်၊ ဘာအမှုနဲ့ အရေးယူမယ်ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024