
ယူကရိန်းနိုင်ငံ ဟရိုးဇာကျေးရွာက ကော်ဖီဆိုင်မှာ လူပေါင်း ၅၉ ဦး သေဆုံးခဲ့ရတဲ့ ဒုံးကျည် တိုက်ခိုက်မှုကို ရုရှားက ပစ်လွှတ်ခဲ့တာဖြစ်ကြောင်း တွေ့ရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက အောက်တိုဘာ ၃၁ ရက်မှာ ပြောပါတယ်။
ဒီတွေ့ရှိချက်တွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က ဟရိုးဇာကျေးရွာကို စေလွှတ်ခဲ့တဲ့ အချက်အလက်ရှာဖွေရေး မစ်ရှင် နှစ်ခုအပေါ် အခြေခံပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။
မစ်ရှင် နှစ်ဖွဲ့ဟာ ဟရိုးဇာကျေးရွာမှာ ဒေသခံပြည်သူတွေ၊ မျက်မြင်သက်သေတွေ၊ အသက်ရှင်ကျန်ရစ်သူ ၂ ဦး၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ ရင်ခွဲရုံဝန်ထမ်းတွေ အပါအဝင် လူပေါင်း ၃၅ ဦးကို တွေ့ဆုံမေးမြန်းခဲ့တာပါ။
အောက်တိုဘာ ၅ ရက်က ယူကရိန်းအရှေ့ပိုင်းက ဟရိုးဇာရွာငယ်လေးရှိ ကော်ဖီဆိုင်မှာ ဈာပနပွဲတခု ကျင်းပနေတုန်း ရုရှားဒုံးကျည်တစင်း ကျရောက်ခဲ့လို့ တက်ရောက်သူ ၅၉ ဦး သေဆုံးခဲ့တာပါ။
တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ ကဖေးနဲ့ကပ်လျက်မှာ စစ်သားတွေ သို့မဟုတ် တခြား တရားဝင် စစ်ဘက်ဆိုင်ရာပစ်မှတ်တွေ ရှိမနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး ပြောရေးဆိုခွင့်ရှိသူ လစ်ဇ်သရော့စ်ဆဲလ်က ဂျီနီဗာမှာ သတင်းထောက်တွေကို ပြောပါတယ်။
“ရုရှားစစ်တပ်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်လို့ ယုံကြည်ရလောက်အောင် ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်တွေ ရှိနေတယ်” လို့လည်း လစ်ဇ်က ပြောပါတယ်။
ဒါဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း အရပ်သားတွေ အသေအပျောက်အများဆုံး ဖြစ်ရပ်တွေထဲက တခုဖြစ်ပါတယ်။
တာဝန်ရှိသူတွေကို အရေးယူဖို့နဲ့ နောင်မှာ အလားတူတိုက်ခိုက်မှုတွေ ထပ်မဖြစ်စေရအောင် စီမံဆောင်ရွက်မှုတွေ ပြုလုပ်ဖို့အတွက် ပြည့်ပြည့်စုံစုံနဲ့ ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့လည်း ရုရှားဖက်ဒရေးရှင်းကို တိုက်တွန်းခဲ့ပါတယ်။
သေဆုံးထိခိုက်ရသူတွေနဲ့ သူတို့မိသားစုတွေအတွက် သင့်လျော်တဲ့လျော်ကြေးတွေ အပါအဝင် ထိရောက်တဲ့ ကုစားခွင့်တွေ ပေးအပ်ဖို့လည်း ရုရှားကို တောင်းဆိုထားပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ အစီရင်ခံစာအပေါ် ချက်ချင်း မှတ်ချက်မပေးခဲ့ပါဘူး။
မော်စကိုဟာ သူ့တိုက်ခိုက်မှုတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားခြင်းမရှိကြောင်း ထပ်ခါတလဲလဲ ပြောထားပါတယ်။ ဒါပေမဲ့ ဟရိုးဇာကျေးရွာ တိုက်ခိုက်မှုမှာ သုံးတယ်ဆိုတဲ့ အစ်စ်ကန်ဒါ ဒုံးကျည်ဟာ ရုရှားစစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ရှိနေတာဖြစ်ပြီး ယူကရိန်းမှာ မရှိထားဘူးလို့ အစီရင်ခံမှာ ဆိုထားပါတယ်။
Source/Photo-Reuters










