DVB Logo
Home
မြန်မာသတင်း
ပဲခူး ရေမြုပ်စပါးခင်းများ ပြန်စိုက်ပျိုးနိုင်ရေး လုံလောက်စွာ ထောက်ပံ့မည်
DVB
·
August 13, 2014
ပဲခူး ရေမြုပ်စပါးခင်းများ ပြန်စိုက်ပျိုးနိုင်ရေး လုံလောက်စွာ ထောက်ပံ့မည်
Donate to DVB

ပဲခူးတိုင်းဒေသအတွင်းမှာ ရေနစ်မြုပ်မှုကြောင့် ပျက်စီးမှုရှိတဲ့စပါးခင်းတွေကို ပြန်လည်စိုးပျိုးနိုင်ဖို့ တိုင်းဒေသကြီးမှာရှိတဲ့ ရန်ပုံငွေနဲ့မလုံလောက်ရင် ပြည်ထောင်စုအဆင့်ထိ တောင်းခံပြီး ထောက်ပံ့ပေးသွားမယ်လို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ရေနစ်မြုပ်ခဲ့တဲ့ လယ်မြေတွေနဲ့ပတ်သက်လို့ လုံးဝမထိခိုက်တဲ့ လယ်၊ ထိခိုက်တဲ့လယ်နဲ့ ပျက်စီးတဲ့လယ်ဆိုပြီး အမျိုးအစား ၃ မျိုးခွဲကာ စစ်တမ်းတွေ ကောက်ယူထားပါတယ်။

BAGO FLOODINGဒီစစ်တမ်းတွေအရ ထိခိုက်မှုရှိတဲ့ လယ်အမျိုးအစားပေါ်မူတည်ပြီး အထောက်အပံ့တွေ ပေးသွားမယ်လို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်သန်းက ဒီဗွီဘီကို ပြောပါတယ်။

“၄ ရက်ကနေ ၇ ရက်လောက် မြုပ်တဲ့ စပါးက ဘာမှမဖြစ်ဘူး။ ၁၀ ရက်လောက် မြုပ်သွားတဲ့ စပါးခင်းဆိုရင် အထွက်တိုးကျမှာပေါ့။ ထိခိုက်တဲ့လယ်တွေ ၁ ဧကကို ၅၀၀၀ လောက် ထောက်ပံ့ပေးဖို့ စီစဉ်ထားတာ။ အဲဒါ ထိခိုက်တဲ့လယ်၊ ပျက်စီးတဲ့လယ်တွေက အသစ်ကို ပြန်စိုက်ရမယ်။ အဲဒါကို မျိုးစပါး ၁ တင်းခွဲ၊ ဒါမှမဟုတ်လည်း ငွေ ၁ သောင်းခွဲလောက် ထောက်ပံ့မယ်။”

အစိုးရအနေနဲ့ ဆုံးရှုံးမှုရှိတဲ့ လယ်မြေပိုင်ရှင်တွေကို မျိုးစပါးတမျိုးတည်း ထောက်ပံ့ပေးရုံနဲ့ လယ်သမားတွေ ပြန်လည်နာလန်ထူဖို့ မလွယ်ကူဘူးလို့ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

“မျိုးစပါး ၁ ခုတည်းနဲ့ သူတို့က ပြန်ပြီး နာလန်ထူနိုင်မှာမဟုတ်ဘူး။ စိုက်ပျိုးတဲ့လုပ်အားခ ဆုံးရှုံးမှုရှိတယ်။ လိုအပ်တဲ့ မြေသြဇာ သုံးစွဲနိုင်မှုတွေရှိတယ်။ ကျနော်တို့မြင်တာက ဖြစ်နိုင်ရင်တော့ မျိုးစပါးအပြင် လိုအပ်တဲ့ မြေသြဇာတို့အပြင် ငွေကြေးတို့ပါ ထောက်ပံ့နိုင်ရင်တော့ နိုင်ငံတော်ရဲ့ သဘာဝဘေးအန္တရာယ်ရန်ပုံငွေ ငွေကြေးထဲက သုံးစွဲနိုင်ရင် ပိုပြီးအဆင်ပြေမယ်။”

မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းအနေနဲ့ ဆုံးရှုံးမှုရှိတဲ့ လယ်မြေပိုင်ရှင်တွေကို မျိုးစပါးနဲ့ မြေသြဇာ လိုအပ်ချက်အတွက် မျိုးစပါး ၂ တင်းနဲ့ ယူရီးယားဓာတ်မြေသြဇာ ၂ အိတ်နှုန်းနဲ့ မြန်မာ့လယ်ယာစီးပွားအများပိုင် ကော်ပရေးရှင်းဆီမှာ အာမခံစနစ်နဲ့ အတိုးမဲ့ ၆လ ချေးယူနိုင်အောင် ဆောင်ရွက်ပေးသွားမယ်လို့ ဒေါက်တာစိုးထွန်းက ဆိုပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ ပထမပတ်အတွင်းက မိုးရွာသွန်းမှုများခဲ့လို့ ပဲခူးတိုင်းမှာ မိုးစပါး စိုက်ဧက ၁၃၅၅၅၁ ရေနစ်မြုပ်ခဲ့ပြီး ရေနစ်မြုပ်မှုရဲ့ ထက်ဝက်ခန့် ပျက်စီးနိုင်တယ်လို့ ခန့်မှန်းထားကြောင်း ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။

အဆိုပါပျက်စီးမှုအတွက် ပြန်လည်စိုက်ပျိုးမယ်ဆိုရင် မျိုးစပါးလိုအပ်ချက်က ၁ ဧက ၁ တင်းခွဲနှုန်းနဲ့ စပါးတင်းပေါင်း ၉၃၃၇၂ တင်း လိုအပ်မှာဖြစ်ပြီး လက်ရှိမျိုးစပါး ၁တင်းပေါက်ဈေးနှုန်းက ခန့်မှန်းခြေ ကျပ် ၈၀၀၀ နှုန်းနဲ့ တွက်မယ်ဆိုရင် ကျပ်သိန်းပေါင်း ၇၄၆၉ ဒသမ ၇၆ လိုအပ်မှာ ဖြစ်ပါတယ်။

ဒါကြောင့် အစိုးရအဖွဲ့အနေနဲ့ ထောက်ပံ့ငွေ အသုံးစရိတ်နဲ့ပတ်သက်လို့ ဘယ်လောက်သုံးစွဲမယ် ဆိုတာကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်သန်းက အခုလိုပြောပါတယ်။

“ကျနော်တို့ တိုင်းဒေသကြီးမှာရှိတဲ့ ရန်ပုံငွေနဲ့ မလောက်ရင် ကျနော်တို့က ပြည်ထောင်စုကို တောင်းပါ့မယ်ခင်ဗျ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013