Home
မြန်မာသတင်း
ထိုင်းတွင် လုပ်ငန်းခွင်ထိခိုက်ခဲ့သည့် မြန်မာအမျိုးသမီး နစ်နာကြေး ဘတ် ၂ သိန်းခွဲကျော်ရ
DVB
·
November 1, 2023

ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ လန်လုကာမြို့မှာ လုပ်ငန်းခွင်ထိခိုက်ခဲ့တဲ့ မြန်မာအမျိုးသမီး အလုပ်သမားတဦး နစ်နာကြေး ဘတ် ၂ သိန်းခွဲကျော် ရရှိခဲ့တယ်လို့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး (MHAC) ထံက သိရပါတယ်။

လန်လုကာမြို့ရှိ Thai Service Konlakan Group Co., Ltd. (SKY) သံစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား မဇင်မာနွယ်ဝင်းဟာ ဩဂုတ်လအတွင်းက လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေချိန် သံရိုက်စက်ရဲ့ ချို့ယွင်းမှုကြောင့် ညာဘက်လက်ညှိုးတချောင်း ဖြတ်ခဲ့ရပါတယ်။

အလုပ်လုပ်ချိန်အတွင်း ဖြစ်ပွားခဲ့ပေမဲ့ စက်ရုံက ကူညီမှုမရှိတဲ့အပြင် ဆေးကုသစရိတ်ကို ကိုယ်ပိုင်ဝင်ငွေကနေ သုံးစွဲနေရတာကြောင့် နစ်နာကြေးရရှိဖို့အတွက် မဇင်မာနွယ်ဝင်းက မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး (MHAC) ကို အကူအညီ တောင်းခံခဲ့ပါတယ်။

မြန်မာအလုပ်သမား မဇင်မာဝင်းက အကူအညီ တောင်းခဲ့တာကြောင့် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး (MHAC) ကနေ ကူညီဖြေရှင်းပေးခဲ့တာလို့ တာဝန်ရှိသူ ဦးရဲမင်းက ပြောပါတယ်။

“သူက စက်ရုံမှာ မတော်တဆဖြစ်ပြီး ညာဘက်လက်ညှိုးတချောင်းလုံး ဖြတ်လိုက်ရတယ်။ သူက ကိုရဲမင်းတို့ မြန်မာအလုပ်သမား ကူ‌ညီစောင့်ရှောက်ရေးအဖွဲ့ကို အကူအညီတောင်းတော့ လိုအပ်တဲ့ ထိုင်းအစိုးရဌာနတွေကို သွားပြီးတော့ ထိခိုက်နစ်နာကြေးတွေ၊ အာမခံကြေးတွေ ဖြေရှင်းထုတ်ယူပေးတဲ့ ဌာနတွေနဲ့ ချိတ်ဆက်ပြီး လိုအပ်သလို ဆောင်ရွက်ပေးခဲ့တာပေါ့။ အဲ့လိုဆောင်ရွက်ပေးတော့ အမှုဖြစ်ပြီး ၂ လကျော်ကြာပြီတဲ့အချိန်မှာ ထိုက်သင့်တဲ့ နစ်နာကြေး ရရှိခဲ့ပါတယ်။ နစ်နာကြေး အတိအကျဆို ၂၆၀,၁၆၄ ဘတ်တိတိ ရရှိခဲ့ပါတယ်။”

ရရှိခဲ့တဲ့ နစ်နာကြေး ၂၆၀,၁၆၄ ဘတ်ကို နစ်နာသူ မြန်မာအမျိုးသမီး မဇင်မာနွယ်ဝင်းကို မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ (MHAC) က အောက်တိုဘာ ၂၈ ရက်နေ့မှာ ပေးဆောင်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024