DVB Logo
Home
မြန်မာသတင်း
NCA စာချုပ်ကို စစ်ကောင်စီက အကောင်အထည်ဖော်ရန် လုပ်ပိုင်ခွင့်မရှိဟု NUG ကြေညာ
DVB
·
November 1, 2023
NCA စာချုပ်ကို စစ်ကောင်စီက အကောင်အထည်ဖော်ရန် လုပ်ပိုင်ခွင့်မရှိဟု NUG ကြေညာ
Donate to DVB

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ဟာ အကြမ်းဖက် စစ်တပ်နဲ့ ချုပ်ဆိုထားတာ မဟုတ်တဲ့အပြင် စစ်ကောင်စီက တရားဝင်အစိုးရ မဟုတ်တာကြောင့် NCA စာချုပ်ကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီမှာ တာဝန်လည်း မရှိ၊ လုပ်ပိုင်ခွင့်လည်း မရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အောက်တိုဘာ ၃၁ ရက်စွဲနဲ့ သဘောထား ထုတ်ပြန်ပါတယ်။

စစ်တပ်က အာဏာသိမ်းရုံမျှနဲ့ အစိုးရတရပ်ဖြစ်မလာကြောင်းနဲ့ စစ်ကောင်စီကို မြန်မာတိုင်းရင်းသား လူမျိုးအားလုံးနဲ့ ပြည်သူ လူထုတရပ်လုံးကရော နိုင်ငံတကာကပါ အစိုးရအဖြစ် အသိအမှတ် ပြုခြင်း လုံးဝမရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး လက်ရှိအချိန် နိုင်ငံနဲ့  ပြည်သူလူထုကို ကိုယ်စားပြုတဲ့ တရားဝင် အစိုးရဟာ NUG အစိုးရသာ ဖြစ်တယ်လို့လည်း ဆိုပါ တယ်။

ဒါ့အပြင် NUG အစိုးရအနေနဲ့ NCA  နဲ့ စပ်လျဉ်းပြီးတော့  မူဝါဒသဘောထားကို ပြီးခဲ့တဲ့ ၂၀၂၁၊ ဒီဇင်ဘာ ၂၁ ရက်က ကျင်းပခဲ့တဲ့ ‘‘အစိုးရအဖွဲ့ အစည်းအဝေး’’ မှာ ချမှတ်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါ တယ်။ 

လတ်တလောမှာတော့ စစ်ကောင်စီက NCA စာချုပ်ကို အသုံးချပြီးတော့ နိုင်ငံရေးထွက်ပေါက်ရှာဖို့ ကြိုးပမ်းမှုတွေ ဆောင်ရွက်နေတဲ့အပြင် နိုင်ငံတကာအဖွဲ့အစည်းတချို့က NCA စာချုပ်အရ ဖွဲ့စည်းခဲ့တဲ့ ‘‘ပူးတွဲစောင့်ကြည့်ရေးကော်မတီ’’ (JMC) ကို အသုံးချပြီး လူသားချင်းစာနာမှုအကူအညီတွေကို စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ဖို့ ကြိုးပမ်းနေတာကြောင့် NUG က ခုလိုထုတ်ပြန် ကြေညာလိုက်တာပါ။

NCAဟာ မြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ အကြားချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်ပြီးတော့  စာချုပ်မှာ လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကလည်း ‘‘အာဏာသိမ်း စစ်ကောင်စီနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုတွေကို ရပ်ဆိုင်းထားကြောင်း’’ ၂၀၂၁၊ ဖေဖော်ဝါရီ ၂၀ ရက်ကတည်းက  ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ 

ဒါ့အပြင် NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ကရင်အမျိုး သားအစည်းအရုံး (KNU- Karen National Union)၊ တို့ကလည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်မှာ ‘‘စစ်အာဏာသိမ်းခြင်းသည် NCA အခြေခံမူနှင့် ရည်ရွယ်ချက်များကို ဖျက်ဆီးခြင်း ဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပျက်ပြယ်စေလို့ NCA ကို အခြေခံတဲ့ လုပ်ငန်းစဉ်နဲ့ ဆွေးနွေးပွဲလမ်းကြောင်းတွေ ရပ်တန့်သွားခဲ့ပြီးလို့  ထုတ်ပြန်ကြေညာခဲ့ကြတာပါ။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အတွင်း ညှိနှိုင်းဆွေးနွေး သဘောတူညီချက်အရလည်း ‘‘ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ’’ (CRPH) က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာခဲ့တာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ‘‘ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်း’’ ပြုလုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ချုပ်ဆိုထားတဲ့ NCA အရ ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်ဟာ အလိုအလျောက် ဦးတည်ချက်ပျောက်ကာ အဓိပ္ပာယ်လည်း ကင်းမဲ့သွားကြပြီလို့ ဆိုပါတယ်။ 

ဒါကြောင့်မို့ NCA စာချုပ်ကို အခြေခံ ရေးဆွဲထားတဲ့ ‘‘နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်’’ နဲ့ နိုင်ငံရေး ဆွေးနွေးပွဲယန္တရားတွေဖြစ်တဲ့ JICM၊ UPDJC နဲ့ JMC တို့ဟာလည်း ဦးတည်ချက် ပျောက်ကာ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းဖို့ ကြိုးပမ်းပြီးနောက်ပိုင်း အလိုအလျောက် ပျက်ပြယ် ရပ်တန့်သွားခဲ့ကြပြီးဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ နိုင်ငံရေးလမ်းပြမြေပုံရဲ့ ဦးတည်ချက်ဟာ Regime Change မဟုတ်၊ System Change ဖြစ်တာကြောင့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင် စနစ်မှန်သမျှ ပပျောက်ရေးနဲ့ စစ်မှန်သောဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး စီမံချက်တွေကို NUG အစိုးရက အဆိုပါ လမ်းပြမြေပုံအတိုင်း တဆင့်ပြီးတဆင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါ တယ်။

ဒါကြောင့်မို့ လတ်တလော သဘောထားထုတ်ပြန်ချက်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းဖို့ ကြိုးပမ်းမှုမှန်သမျှကို အပြီးသတ် ဖယ်ရှားသွားမှာဖြစ်ပြီး အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲပြဋ္ဌာန်းပြီး အဆိုပါ ဥပဒေနဲ့အညီ အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (TNUG) ကို ဖွဲ့ စည်းမှာ ဖြစ်ကာ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေရဲ့ အသွင်ကူးပြောင်းရေးကာလ အစိုးရတွေကိုလည်း ဖွဲ့စည်းမယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၅ ရက်က အန်စီအေ ၆ နှစ်မြောက် အခမ်းအနားကို စစ်ကောင်စီက ဦးစီးကာ နေပြည်တော်မှာ ကျင်းပခဲ့တာဖြစ်ပြီး အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့ထဲက RCSS/SSA၊ ABSDF အပါအဝင် ၈ ဖွဲ့ တက်ရောက်ခဲ့ပါတယ်။

စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းယူပြီး ပြည်သူလူထုကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်နေတဲ့အတွက် အခုအချိန်မှာ နိုင်ငံအနှံ့ ပြည်သူတွေက စစ်အာဏာရှင်ကို နည်းလမ်းပေါင်းစုံနဲ့ တွန်းလှန်တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013