DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ရေး လူထုဆန္ဒလက်မှတ် ၅ သန်းခန့် လွှတ်တော်ထံပေးပို့
DVB
·
August 13, 2014
ဖွဲ့စည်းပုံပြင်ရေး လူထုဆန္ဒလက်မှတ် ၅ သန်းခန့် လွှတ်တော်ထံပေးပို့
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကောက်ခံရရှိထားတဲ့ လက်မှတ် ၅ သန်းနီးကို လွှတ်တော်က လိုအပ်သလို ဆက်လက်အရေးယူဆောင်ရွက်နိုင်ဖို့ ဒီကနေ့ ပေးပို့လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဝင် ဦးဉာဏ်ဝင်းနဲ့ ဦးကိုကိုကြီးတို့ လက်မှတ်ရေးထိုးပြီး လူထုဆန္ဒ လက်မှတ်စာရင်းကို စာတိုက်ကနေတဆင့် ပေးပို့လိုက်တာဖြစ်ပါတယ်။

[caption id="attachment_62292" align="alignright" width="300"]ဒ်မ ၄၃၆ ပြင်ဆင်ရေးလူထုဆန္ဒလက်မှတ်ရေးထိုးမှုရလဒ်အား လွှတ်တော်သို့ပေးပို့ရန်အတွက် အဖွဲ့ချုပ်နှင့်၈၈ ငြိမ်း/ပွင့်မှ ဦးဥာဏ်ဝင်းနှင့်ဦးကိုကိုကြီးတို့ ပူးတွဲ လက်မှတ်ရေးထိုးကြစဉ် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒလက်မှတ်ရေးထိုးမှုရလဒ်အား လွှတ်တော်သို့ပေးပို့ရန်အတွက် အန်အယ်ဒီမှ ဦးဉာဏ်ဝင်းနှင့် ၈၈ ငြိမ်း/ပွင့်မှ ဦးကိုကိုကြီးတို့ ပူးတွဲ လက်မှတ်ရေးထိုးကြစဉ်[/caption]

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “အဲဒီရလဒ်တွေကို ပြည်ထောင်စုလွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကို ကျနော်တို့ ပို့လိုက်တယ်။ စာရင်းတွေ ပို့လိုက်တယ်။ ဒီဥစ္စာက ပြည်သူတွေရဲ့ ဆန္ဒဖြစ်တဲ့အတွက် လိုအပ်သလို အသုံးပြုဆောင်ရွက်ပေးဖို့ဆိုပြီး ကျနော်အဲဒီလိုဟာနဲ့ ပို့လိုက်တာပါ။ ”

အန်အယ်လ်ဒီနဲ့ ၈၈ မျိုူးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး လူထုဆန္ဒခံယူ လက်မှတ်ရေးထိုးလှုပ်ရှားမှုကို ပြီးခဲ့တဲ့ မေ ၂၇ ရက်နေ့ကနေ ဇူလိုင် ၁၉ ရက်နေ့ထိ မြန်မာပြည့်ဒေသအနှံ့ နယ်လှည့်ဆောင်ရွက်ခဲ့ရာမှာ လူထုဆန္ဒပြု လက်မှတ် ၅ သန်းနီးပါး ရရှိခဲ့တာပါ။

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကတော့ လူထုဆန္ဒ လက်မှတ်တွေဟာ လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီအပေါ်မှာ သက်ရောက်မှု မရှိနိုင်ပေမယ့် လွှတ်တော်အသံပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒ ဖြစ်တဲ့အတွက် ထိုက်သင့်တဲ့ အကျိုးသက်ရောက်မှု ရှိနိုင်တယ်လို့ သြဂုတ်လ ၁၁ ရက်နေ့က နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါပေမယ့် ဘယ်လို အကျိုးသက်ရောက်မှုဆိုတာကိုတော့ ရှင်းရှင်းလင်းပြောဆိုခဲ့ခြင်း မရှိပါဘူး။

လွှတ်တော်အနေနဲ့ လူထုဆန္ဒအတိုင်း ဖွဲ့စည်းပုံကို ပြင်ဆင်ပေးလိမ့်မယ်ထင်တဲ့အကြောင်းနဲ့ ဖွဲ့စည်းပုံကို မပြင်ဆင်မချင်း ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အပြောင်းအလဲ အသစ်ပြင်မှုကတော့ ရှိလိမ့်မယ်။ ဘယ်လောက်အတိုင်းအတာအထိဆိုတာပဲ ကြည့်ကြရမှာပဲ။ ကျနော်တယောက်တည်းသဘောက ၇၅ ရာခိုင်နှုန်းကျော် ဆိုတဲ့ဟာ ဒါကတော့ ပြင်လိမ့်မယ်လို့ထင်ပါတယ်။ ဒီဥစ္စာက တရားမျှတမှုလည်း မရှိဘူး။ ဒီဟာတော့ ပြင်နိုင်တယ်လို့ ကျနော်ထင်တာပါ။ လိုအပ်ရင် ဥပဒေပြင်ဆင်ရေးကတော့ မရမချင်းလုပ်နေရမယ့် ကိစ္စပါ။”

ဖွဲ့စည်းပုံပြင်ဆင်ရေး အခြေခံ ဥပဒေမူကြမ်းတရပ်ကို လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ၆ လအလိုမှာ အပြီးလုပ်ဆောင်ဖို့ လွှတ်တော် ဖွဲ့စည်းပုံပြင်ဆင်ရေး အကောင်အထည်ဖော်ဆောင်ရေးကော်မတီကို လွှတ်တော်နာယက က တာဝန်ပေးထားတာ ဖြစ်ပါတယ်။

ဒီကော်မတီဝင် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာအေးမောင်ကတော့ ခုရရှိထားတဲ့ လူထု ၅ သန်းရဲ့လက်မှတ်တွေဟာ အချည်းနှီးမဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။

“အလဟဿ မဖြစ်တော့ဘူးဗျ။ လူထုရဲ့သဘောထားကို ထင်ဟပ်အောင် ပွင့်ပွင့်လင်းလင်း ပြောရင် စနစ်တကျနဲ့ သူတို့ ကောက်ခံတာပဲလေ။ ဆန္ဒပြုဖို့လည်း အတင်းအကျပ်ပြုလုပ်တာ မဟုတ်တဲ့အတွက် လူထုဆန္ဒအစစ်အမှန်ပါတယ်ဆိုတာတခုတော့ ကျနော်တို့ သုံးသပ်ပါတယ်။ လူထုဆန္ဒအစစ်အမှန်ကို လူထုကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်ကို တင်ပြတယ် ဆိုတာ ဒါလမ်းမှန် နည်းမှန်ပဲလို့ ကျနော်တို့ သုံးသပ်တယ်။ အဲဒီလို နည်းမှန်လမ်းမှန်နဲ့ လုပ်ထားတဲ့ လုပ်ငန်းကို နည်းမှန်လမ်းမှန်နဲ့အညီ လူထုကိုယ်စားပြုတဲ့ လွှတ်တော်ဘက်က လက်ခံစဉ်းစားပေးရမယ်လို့ ယူဆပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီမှာ သက်ရောက်မှု မရှိဘူးဆိုတာကတော့ဖြင့် ၃၁ ဦးကော်မတီရဲ့ သဘောကို ပြောတယ်လို့ပဲ နားလည်ပါတယ်။ ၃၁ ဦးဆိုတာလည်းပဲ လွှတ်တော်တွေကို ကိုယ်စားပြုပုဂ္ဂိုလ်တွေ ဖြစ်တဲ့အခါမှာ ဒီပြည်ထောင်စုထဲမှာ ဖြစ်ပျက်နေတဲ့ ဆန္ဒထုတ်ဖော်မှုတွေကို ရောင်ပြန်ဟပ်မယ်လို့ ယူဆတယ်။ ကျနော်တို့အပေါ်မှာတော့ ဟပ်တယ်ဗျ။”

ဖွဲ့စည်းပုံပြင်ဆင်ရေးလွှတ်တော်ကော်မတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခန်း ၁ ကနေ ၁၅ အထိ သုံးသပ် စိစစ်ပြီးသွားပြီဖြစ်ပြီး ခုလတ်တလောမှာတော့ လွှတ်တော် ရပ်နားထားချိန်ဖြစ်လို့ ကော်မတီရဲ့လုပ်ငန်းတွေလည်း ရပ်နားထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ မှာ အခြေခံဥပဒေပြဋ္ဌာန်းချက်တွေကို ပြင်ဆင်လိုလျှင် လွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ သဘောတူပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမယ်လို့ ဖော်ပြထားတာပါ။

အန်အယ်လ်ဒီပါတီ အနေနဲ့ကတော့ ကိုယ်စားလှယ်အားလုံးရဲ့ သုံးပုံ နှစ်ပုံ ဒါမှမဟုတ် ထက်ဝက်ကျော်က ပြင်ဆင်ဖို့သဘောတူပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးသူဦးရေရဲ့ ထက်ဝက်ကျော် ဆန္ဒမဲနဲ့ ပြင်ဆင်သင့်တယ်လို့ အကြံပြုထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013