DVB Logo
Home
အားကစား
လီယွန်နယ်မက်ဆီ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၈ ကြိမ်မြောက်ရရှိ
DVB
·
October 31, 2023
လီယွန်နယ်မက်ဆီ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၈ ကြိမ်မြောက်ရရှိ
Donate to DVB

ကမ္ဘာ့ဖလားဆုရှင်  အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီနဲ့ စပိန် အမျိုးသမီး ကွင်းလယ်ကစားသမား အိုက်တာနာဘွန်မာတီတို့ ၂၀၂၃ ခုနှစ်အတွက် ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုတွေ အသီးသီး ရရှိသွားပါတယ်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက နှစ်စဉ်ပေးအပ် ချီးမြှင့်တဲ့ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုပေးပွဲကို အောက်တိုဘာ ၃၀ ရက်က  ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပခဲ့တာမှာ  အာဂျင်တီးနားနဲ့ အင်တာမိုင်ယာမီ တိုက်စစ်မှူး လီယိုနယ် မက်ဆီက ၈ ကြိမ်မြောက် ဆွတ်ခူးရရှိသွားတာပါ။

အသက် ၃၆ နှစ်အရွယ် မက်ဆီဟာ ပြီးခဲ့တဲ့နှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး ဖလားသုံးလုံးရအောင် စွမ်းဆောင်ခဲ့တဲ့ မန်စီးတီးတိုက်စစ်မှူးဟာလန်းနဲ့  ကမ္ဘာ့ဖလားမှာ ဒုတိယရခဲ့တဲ့ ပြင်သစ် အသင်းရဲ့ ရှေ့တန်းတိုက်စစ်မှူး  အမ်ဘာပေးတို့ကို ကျော်လွန်ပြီး မက်ဆီက ဆုရရှိသွားတာပါ။

ကမ္ဘာ့ဖလားနဲ့ သူ့ရဲ့အိပ်မက်တွေ အောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့တာနဲ့ ဒီဆုပေးပွဲမှာ တခါထပ်ပြီး ပျော်ရွှင်ကြည်နူးရတာ ကောင်းတဲ့အကြောင်း  မက်ဆီက ဆုလက်ခံယူအပြီးမှာ ပြောပါတယ်။

ဘလွန်းဒီအော အထိမ်းအမှတ်ဆုကိုတော့ မန်ယူကစားသမားဟောင်းနဲ့ အင်တာမိုင်ယာမီ အသင်းပိုင်ရှင် ဒေးဗစ်ဘက်ဟမ်းက မက်ဆီကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

မနေ့ညက ဆုပေးပွဲမှာ အင်္ဂလန်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အလယ်တန်းလူ  ဂျူဒီဘယ်လင်ဂမ်ကတော့ အသက် ၂၁ နှစ်အောက် ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားဆု Kopa Trophy ဆုကို ဆွတ်ခူးရရှိသွားပါတယ်။

ဒါ့အပြင်   ဘောလုံးလောကမှာ အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေး ရဲရဲဝင့်ဝင့် ဆန့်ကျင်ပြောဆိုခဲ့တဲ့ ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဗင်နီစီးယက်စ်ကို Socrates Award လူသားအကျိုးပြုမှုဆု  ဆု ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

စပိန်နဲ့ ဘာစီလိုနာအမျိုးသမီးအသင်းရဲ့ ကမ္ဘာဖလားဆုရှင် ဘွန်မာတီကတော့  ဘလွန်းဒီအော ကမ္ဘာ့ အကောင်းဆုံးအမျိုးသမီး ဘောလုံးသမားဆုရှိသွားပါတယ်။

ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆုကိုတော့ အာဂျင်တီးနားနဲ့ အက်စတွန်ဗီလာ ဂိုးသမား အယ်လ်မီ မာတီနက်ဇ်က ရရှိသွားပါတယ်။ တနှစ်တာ ကမ္ဘာ့ အကောင်းဆုံး အမျိုးသား ဘောလုံးကလပ်အသင်းဆုကို မန်းစီးတီးကရရှိပြီး အမျိုးသမီးဘောလုံးကလပ်အသင်းဆုကိုတော့ ဘာစီလိုနာ အသင်းက ရရှိသွားပါတယ်။

ဂိုးအများဆုံးသွင်းတဲ့ အကောင်းဆုံးတိုက်စစ်မှူး  Gerd Muller Trophy ဆုရခဲ့တဲ့  နော်ဝေနဲ့ မန်စီးတီး တိုက်စစ်မှူး ဟာလန်းကတော့  မန်စီးတီးနဲ့ ကလပ်တခုလုံးကို ကျေးဇူးတင်တဲ့ အကြောင်း ဆုယူအပြီးမှာ ပြောပါတယ်။ 

ဘလွန်းဒီအော ၅ ဆုရှင် ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုကတော့  နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အခုနှစ်ဆုပေးပွဲအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။

ဘလွန်းဒီအောဆုကို ကမ္ဘာတဝန်းက  အားကစား ဂျာနယ်လစ် ပေါင်း ၁၀၀ ကျော်က မဲပေးရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013