
ဟာရီကိန်းမုန်တိုင်း Otis ဟာ အခုသီတင်းပတ်အတွင်း မက္ကဆီကိုနိုင်ငံ အကာပူလ်ကိုမြို့ရဲ့ အထင်ကရ ကမ်းခြေအပန်းဖြေစခန်းကို စံချိန်ချိုး ဝင်ရောက်တိုက်ခတ်ခဲ့လို့ အနည်းဆုံး လူ ၂၇ ဦး သေဆုံးပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စားနပ်ရိက္ခာနဲ့ ရေရရှိဖို့ ရုန်းကန်နေကြရတာကြောင့် အောက်တိုဘာ ၂၇ ရက်မှာတော့ အကာပူလ်ကိုမြို့မှာ ဖျက်ဆီးလုယက်သူတွေကို မြင်တွေ့ရပါတယ်။
အစားအစာနဲ့ရေကို အရေးတကြီး လိုအပ်နေကြတဲ့ လူတွေဟာ စတိုးဆိုင်တွေကနေ အိမ်သာသုံးစက္ကူ အပါအဝင် ကုန်ပစ္စည်းတွေကို သယ်ယူကြပါတယ်။
ရိုက်တာရဲ့ ဗီဒီယိုဖိုင်ထဲမှာ ပျက်စီးနေတဲ့ စူပါမားကတ်တခုကနေ လိုအပ်နေတဲ့ ပစ္စည်းတွေကို သယ်ဆောင်လာပြီးတော့ ကားတွေပေါ်တင်နေကြတာကို မြင်တွေ့ရပါတယ်။
“အခုချိန်မှာ အခက်ခဲဆုံးက လုယက်မှုတွေဖြစ်ပြီး လူတော်တော်များများက စားလို့မရ၊ သောက်သုံး ရေ မရှိ၊ လျှပ်စစ်နဲ့ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေလည်း မရှိလို့ မြို့ထဲမှာ ရှုပ်ထွေးနေတယ်” လို့ ဒေသခံ ဟာနီယာ ဗာယာဒဲရ်စ် က ပြောပါတယ်။
ဒေသခံတွေက သူတို့မှာ စားစရာလည်း မရှိ၊ ကူညီထောက်ပံ့မှုတွေလည်း မရရှိသေးတာကြောင့် တခြားရွေးချယ်စရာလည်း မရှိလို့ လူတွေက တခုခုရအောင် ကြိုးစားရှာဖွေနေကြရတာဖြစ်တယ် လို့ ဒေသခံ ဟာမီလာ ဂိုမက်ဇ်က ပြောဆိုပါတယ်။
အောက်တိုဘာ ၂၅ ရက် ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ လေတိုက်နှုန်း တနာရီကို ၁၆၅ မိုင်နှုန်းနဲ့ Acapulco ကို တိုက်ခတ်ခဲ့တဲ့ Otis မုန်တိုင်းကြောင့် မြို့တော်တခွင် ရေကြီးရေလျှံဖြစ်ခြင်း၊ နေအိမ်တွေ၊ စတိုးဆိုင်တွေနဲ့ ဟိုတယ်တွေကနေ ခေါင်မိုးတွေ ပြုတ်ကွာလွင့်ထွက်ခြင်းတွေအပြင် မော်တော်ကား တွေ ရေနစ်ကုန်ပြီး ဆက်သွယ်ရေးတွေလည်း ပြတ်တောက်ခဲ့တာပါ။
အဆင့် ၅ မုန်တိုင်းကြောင့် ဒေါ်လာ ဘီလီယံနဲ့ချီ ပျက်စီးဆုံးရှုံးတယ်လို့ ခန့်မှန်းရပြီး မုန်တိုင်းဘေးဒဏ်သင့် ဆိပ်ကမ်းကို ပြန်လည်ထူထောင်ရာမှာ ကူညီဖို့ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၈၀၀၀ ကျော်ကို စေလွှတ်ထားပါတယ်။
Source/Photo-Reuters











