DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေ
DVB
·
October 27, 2023
ကော့ကရိတ်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေ
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ အောက်တိုဘာ ၂၇ ရက် မနက် ၅ နာရီလောက်က စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေ လုံခြုံရေးရယူထားတဲ့နေရာတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်နေတယ်လို့ KNLA တပ်မှူးဆီက သိရပါတယ်။

KNLA ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေ လုံခြုံရေးရယူထားတဲ့ သိမ်ကုန်း၊ ချောင်းတောင်၊ အမှတ် ၃ ဂိတ်နဲ့ မြို့အဝင်အထွက်နေရာတွေကို တပြိုင်တည်း ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

KNLA တပ်မှူး စောကျော်သက်က “တိုက်ခိုက်မှုတွေက မပြီးသေးတော့ မသိရသေးဘူး။ အခုထိတော့ တိုက်နေတုန်းပဲ။ လောလောဆယ်တော့ ဒီနယ်မြေက အဖွဲ့တေွနဲ့ တိုက်နေတာ၊ တခြားအဖွဲ့တွေတော့ မပါသေးဘူး။ အခြေအနေကတော့ ကောင်းတယ်” လို့ ပြောပါတယ်။

ကျားဖြူစစ်ကြောင်း လုံခြုံရေးတပ်ခွဲ တာဝန်ရှိသူက “စစ်ကောင်စီတပ်ဘက်က ကျဆုံးသူတွေရှိတယ်။ လောလောဆယ် အတိအကျ မသိရသေးဘူး။ တော်လှန်ရေးအဖွဲ့တွေဘက်က အခြေအနေကောင်းတယ်။ လေကြောင်းကတော့ မလာသေးဘူး” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း ကော့ကရိတ်မြို့တွင်းက မြို့ခံပြည်သူတွေ ပိတ်မိနေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် အမှတ် ၇ ရပ်ကွက်က ထိမှန်ဒဏ်ရာရသူတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက် မနက် ၅ နာရီလောက်ကစတင်ပြီး ကော့ကရိတ်မြို့နယ်၊ ဆင်ကုန်းကျေးရွာနဲ့ တတန်ကူးကျေးရွာကြားကို စစ်ကောင်စီရဲ့ တပ်မ ၄၄ လက်အောက်ခံ ခမရ ၂၀၇၊ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၁၊ ခလရ ၂၃၁ တပ်တွေနဲ့ KNLA တပ်ရင်း ၁၈၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် စစ်ရေးတင်းမာနေရာက တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က မြေပြင်လက်နက်ကြီးအပြင် လေကြောင်းကပါ ပစ်ကူပေး တိုက်ခဲ့ပေမဲ့ တိုက်ပွဲအတွင်း ခမရ ၂၀၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ငြိမ်းချမ်းကိုကို အပါအဝင် ၆ ဦး သေဆုံးကာ ဒုတပ်ခွဲမှူး ၁ ဦး အပါအဝင် ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ၂ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013