DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်မြောက်ပိုင်းနေရာအနှံ့ တိုက်ပွဲများဖြစ်ပွား၊  လားရှိုး- ချင်းရွှေဟော် လမ်းပိတ်
DVB
·
October 27, 2023
ရှမ်းပြည်မြောက်ပိုင်းနေရာအနှံ့ တိုက်ပွဲများဖြစ်ပွား၊  လားရှိုး- ချင်းရွှေဟော် လမ်းပိတ်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအပါအဝင် နေရာအနှံ့အပြားမှာ စစ်ကောင်စီ တပ်စခန်းတွေကို တိုင်းရင်းသားလက်နက်ကိုင်တွေက အောက်တိုဘာ ၂၇ ရက် ဒီမနက်  အစောပိုင်း ၄ နာရီလောက်က စတင် တပြိုင်တည်း သွားရောက် တိုက်ခိုက်ခဲ့တယ်လို့  ဒေသခံတွေ ဆီက သိရပါတယ်။ 

ဒီမနက် ၄ နာရီကစ မုံးကိုး၊ နမ့်ဖတ်ကာ၊ ကွတ်ခိုင်၊ တာမိုးညဲ၊ မုံးစီး၊ လားရှိုး၊ နမ့်စလပ်၊ နားတီး၊ လားရှိုး တပြိုင်မှာ ပစ်ခတ်သံတွေ ကြားနေပြီလို့ဒေသခံတွေက  ပြောပါတယ်။ 

"ရှမ်းမြောက် နေရာ အနှံ့ တိုက်ပွဲ ဖြစ်နေပြီ" လို့ ဒေသခံ တဦးက ပြောပါတယ်။ 

လားရှိုးမြို့ရှိ အမှတ် ၂ က ၆၈ တပ်စခန်းလည်း ဒီမနက် အစောပိုင်းက တိုက်ခိုက်ခံရသလို အေးရှားဝေါဂိတ်လည်းပစ်ခတ်ခံရပြီး  အေတီ ဂိတ်ပိတ်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။ 

"အေးရှားဝေါ လူထိတယ်။ အေတီ တံတား ပိတ် ထားတယ်။ အမှတ် ၂ ဝင်ပစ်တာ။ အေးရှားဝေါ ကြေမွ နေပြီ" လို့ ဒေသခံ အမျိုးသမီး တဦးက ပြောပါတယ်။ 

အဆိုပါပစ်ခတ်မှုတွေမှာ  ထိခိုက်သူတွေ အသေးစိတ် မသိရသေးကြောင်း သူက ပြောပါတယ်။ 

"ချင်းရွှေဟော်နားက စစ်ကောင်စီစခန်း တခုကို MNDAA က သိမ်းလိုက်ပြီလို့ သိရတယ်။ လောက်ကိုင်ဘက်လည်း ဖြစ်နေတယ်" လို့ ဒေသခံ တဦးက ပြောပါတယ်။ 

ဒီမနက် ၃ နာရီ လောက်ကစပြီး လားရှိုးက စစ်ကောင်စီစခန်းတွေ ဖြစ်တဲ့ ခလရ - ၆၈၊ ကုန်းဆာအနီးက စခန်း၊ မိုင်းဂျက် စခန်းတွေကို တပြိုင်တည်း တိုက်ခိုက်ခဲ့တဲ့ အပြင် သိန္နီ၊ ကွတ်ခိုင် ခလရ - ၂၄၁ နဲ့ ခလရ -၂၄၂၊ မုံးစီး၊ နမ့်ခမ်း စခန်းသစ်ကုန်း၊ မုံးကိုး ၊ မန်းယန်  ဘက်က စစ်ကောင်စီ တပ်တပ်စခန်းတွေကို KIA နဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့တွေ တပြိုင်တည်း ထိုးစစ်ဆင် နေတာလို့ ဆိုပါတယ်။ 

လားရှိုးမြို့ခံတစ်ဦးက"လားရှိုးမှာဆိုရင် ခုထိလက်နက်ကြီးသံ ကြားနေရဆဲပဲ။ လက်နက်ငယ်သံကတော့ ဆက်တိုက်ပဲ။ ချင်းရွှေဟော်တော့ အတော်ထိတယ်ကြားတယ်။ သိမ်းလိုက်နိုင်ပြီလို့လည်း ဒေသခံတွေပြောနေတယ်" လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၆ ရက် နေ့လယ်ကလည်း မေမြို့ သံဘိုစခန်း၊ မိုးကုတ် ဂွေးပင်စခန်း၊ နောင်ချို အုမ္မတီး ဘက်မှာ မဟာမိတ် TNLAနဲ့ MDY PDF ပူးပေါင်းတပ်တွေနဲ့  စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်တပ်က လားရှိုးကနေ လေယာဥ်ပစ်ကူပေးဖို့ လေယာဥ်တက်သွားတယ်လို့လည်း ဆိုပါတယ်။ လေကြောင်းဗုံးကြဲခဲ့လို့ လူတွေအများအပြားထိခိုက်တယ်လို့ လည်းသိရပြီး  တချို့ အလောင်းတွေ မကောက်နိုင်ခဲ့သလို ပြည်သူတချို့ တောဘက်မှာ ပိတ်မိနေတယ်လို့ ဆိုပါတယ်။ 

လက်ရှိ အုမ္မခါးရွာ အနီးဝန်းကျင်က ဒေသခံတွေနဲ့ ကျောက်မဲဘက် ပန်မလွတ်၊ မန်ဂေါင်း ၊ ခဲလုံ၊ နောင်ပစ် ရွာဘက်က ပြည်သူတွေ ရာချီ တိုက်ပွဲ ရှောင် နေရပါတယ်။ 

ရှမ်းမြောက်တစ်ခုလုံးတိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် လားရှိုး- ချင်းရွှေဟော် ပြည်ထောင်စုလမ်းမကြီးအရေးပေါ်ပိတ်ပင်ကြောင်း MNDAA ထုတ်ပြန်ပါတယ်။

ချင်းရွှေဟော် မြန်မာ - တရုတ် နယ်စပ် ကုန်သွယ်ရေး ဂိတ်ကိုလည်း ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း နယ်စပ် ကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။ 

ရှမ်းပြည်နယ် အထူးဒေသ (၁) ထဲက စစ်ကောင်စီတပ်တွေကို အပြတ်ချေမှုန်းဖို့အတွက် လားရှိုး- ချင်းရွှေဟော်နဲ့ လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးကို အရေးပေါ်ပိတ်ထားတာလို့ မြန်မာအမျိူသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် MNDAA  က ဒီမနက်မှာ အရေးပေါ် ထုတ်ပြန်လိုက်တာပါ။

တားမြစ်ထားချိန်တွင်း ဘယ်လိုအကြောင်းပြချက်နဲ့မှ ဖြတ်သန်းသွားလာတာ မလုပ်ကြဖို့နဲ့ လမ်းမကြီး ပြန်ဖွင့်မယ့်နေ့ကို ထပ်ပြီးအကြောင်းကြားမယ်လို့လည်း ဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013