DVB Logo
Home
မြန်မာသတင်း
ရေဘေးဒုက္ခသည်များကို နာရေးအသင်းနှင့် အနုပညာရှင်များ သွားရောက်ကူညီ
DVB
·
August 12, 2014
ရေဘေးဒုက္ခသည်များကို နာရေးအသင်းနှင့် အနုပညာရှင်များ သွားရောက်ကူညီ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ထဲက ရေဘေးဒဏ်ခံနေရတဲ့ ထောင်နဲ့ ချီတဲ့ ဒေသခံရွာသားတွေအတွက် အနုပညာရှင်တွေနဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) က စေတနာ့ဝန်ထမ်းတွေ အတူပူးပေါင်းပြီး စားနပ်က္ခာ အကူအညီတွေ  သွားရောက်ပေးအပ်ခဲ့ပါတယ်။

[caption id="attachment_62204" align="alignright" width="300"]ဓာတ်ပုံ - ko myo facebook ဓာတ်ပုံ - ဦးကျော်သူ ဖေ့စ်ဘွတ်ခ်[/caption]

လှည်းကူးမြို့နယ် ထဲက ငွေနံ့သာ စံပြကျေးရွာနဲ့ ဘားလားရွာတွေ မှာ ရေကြီးနေတာ ရက် (၂၀) လောက်ကြာ တဲ့တိုင် ရေပြန်မ ကျသေးဘဲ ရွာသားတွေ စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရလို့ နာရေးကူညီမှုအသင်း ရန်ကုန်က ဒီကနေ့မနက် စားနပ်ရိက္ခာ  သွားရောက် အကူညီပေးခဲ့တာပါ။

ဒီလိုသွားရောက်ကူညီရာမှာ ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင်အနုပညာရှင်တွေလည်း လိုက်ပါ ကူညီပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း  (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူကပြောပါတယ်။

“ကျနော့်အသင်းက ကလေးတွေရယ်၊ ရတနာခင်ရယ်၊ သင့်ဇာဝင့်ကျော်ရယ်၊ ခင်ဝင့်ဝါရယ် အနုပညာရှင်တွေလည်း ပါပါတယ်။ မုန့်ကြွပ် ကိတ်ခြောက်တွေ၊ ရေသန့်ဘူးတွေ၊ ခေါက်ဆွဲခြောက်တွေ၊ လူဦးရေ ၁၅၀၀ စာလောက် ပါတယ်။ အခြေအနေက သိပ်အဆိုးကြီး မဟုတ်ဘူး။ တချို့ကတော့ ကုန်းပေါ်တင် လှူခဲ့တယ်။”

လူဦးရေ ထောင်ချီရှိတဲ့  ဒီကျေးရွာတွေမှာ  ရွာသားတွေဟာ ရေဘေးကြောင့်  အထူးသဖြင့် သောက်ရေနဲ့ အစားအသောက် အပါအ၀င် ရေရှည်အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

ဒီရွာတွေကို ကိုယ်တိုင်သွားရောက်ကူညီပေးခဲ့တဲ့ နာရေးကူညီမှုအသင်း ရန်ကုန်က ပြန်ကြားရေးအဖွဲ့ဝင် ကိုဇော်စိုင်းကတော့ အနုပညာရှင်တွေ ခုလို ကိုယ်တိုင် လာရောက်ကူညီခဲ့ကြတာကို ရွာသားတွေက ၀မ်းသာပျော်ရွှင်စွာ ကြိုဆိုခဲ့ကြတယ်လို့ ပြောပါတယ်။

“ကျနော်တို့ကားတွေ ၀င်ဖို့ အဆင်မပြေတော့ သူတို့ ထော်လာဂျီတွေနဲ့ လာကြိုတယ်။ ဟိုရောက်တော့ ရေထဲမှာပဲ သွားပြီးတော့ ဝေကြတယ်။ ကျနော်တို့က လတ်တလော ပေးနိုင်တဲ့အခြေအနေ နည်းတယ်။ ထပ်ပြီးတော့ လိုအပ်နေသေးတယ်။ လတ်တလော အ၀တ်အစားတော့ သူတို့မှာ ရှိတယ်။ အများဆုံး လိုအပ်တာ အစားအသောက်တွေနဲ့ သောက်ရေပေါ့။ တချို့တဲအိမ်လေးတွေဆို ကြမ်းခင်းထိ ရေမြုပ်နေတယ်။ တချို့အိမ်တွေဆို တ၀က်လောက်ထိ မြုပ်နေတယ်။”

ရွာသားတွေရဲ့လက်ရှိ ကျန်းမာရေး အခြေအနေကတော့ စိုးရိမ်စရာမတွေ့ခဲ့ရဘူးလို့ အကူအညီသွားရောက်ပေးသူတွေက ပြောပါတယ်။

အနုပညာရှင်တွေနဲ့ နာရေးကူညီမှုအသင်း ရန်ကုန်က အဖွဲ့သားတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပဲခူးမြို့က ရေဘေးဒုက္ခသည်တွေကို သွားရောက်ကူညီပေးခဲ့ပြီး နောက်ရက်တွေမှာလည်း အကူအညီတောင်းခံတဲ့ ဒေသတွေဆီ သွားရောက်ကူညီပေးဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013