Home
နိုင်ငံတကာ
အမေရိကန် လူးဝစ္စတန်မြို့တွင် ပစ်ခတ်မှုဖြစ်ပြီး လူ ၂၀ ကျော်သေဆုံး
DVB
·
October 26, 2023

အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်က လူးဝစ္စတန်မြို့မှာ အောက်တိုဘာ ၂၅ ရက်က အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာက အနည်းဆုံး လူ ၂၂ ဦး သေဆုံးပြီး အယောက် ၆၀ လောက် ဒဏ်ရာရရှိခဲ့ကြောင်း လူးဝစ္စတန် ရဲသတင်းရင်းမြစ်ကို ကိုးကားပြီး NBC သတင်းက ထုတ်ပြန်ပါတယ်။

ဒီပစ်ခတ်မှုဟာ ဘိုးလင်းလမ်းကြားနဲ့ ဘားတခုတို့မှာ ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှု ကျူးလွန်ကြောင်း သံသယရှိသူရဲ့ ဓာတ်ပုံ ၂ ပုံကို အန်ဒရိုစကော့ဂျင်ကောင်တီ အုပ်ချုပ်ရေးမှူးရုံးကနေ ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့ပြီး  ဒီလူကတော့ လွတ်နေတုန်းပဲလို့လည်း ပြောထားပါတယ်။

သံသယရှိသူဟာ အသက် ၄၀ အရွယ် ရောဘတ်ကာ့ဒ် ဆိုသူဖြစ်ပြီး သူဟာ လက်နက်ကိုင်ဆောင်ထားလို့ အန္တရာယ်ရှိသူလို့ ယူဆထားကြောင်းလည်း ဆိုပါတယ်။

ဒါ့အပြင် ကားအရှေ့ဘန်ပါ အနက်ရောင်ရှိတဲ့ အဖြူရောင် SUV ကားတစီးကိုလည်း ထုတ်ပြခဲ့ပြီး သဲလွန်စတွေ့ရင် သတင်းပေးဖို့လည်း အများပြည်သူကို တိုက်တွန်းထားပါတယ်။ လူနာတွေကို သယ်ဆောင်ဖို့ ဧရိယာအတွင်းရှိ နယ်မြေဆေးရုံတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။

The Sun ဂျာနယ်ကတော့ သီးခြားနေရာ ၃ ခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့ပြီး Sparetime အပန်းဖြေနေရာ၊ ရှယ်မန်ဂျီစ် ဘားနဲ့ အကင် စားသောက်ဆိုင်နဲ့ ဝေါလ်မတ် ဖြန့်ဖြူးရေးစင်တာတို့ဖြစ်ကြောင်း လူးဝစ္စတန် ရဲပြောရေးဆိုခွင့်ရှိသူကို ကိုးကားပြီး ရေးသားဖော်ပြပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024