မန္တလေးတောင်ခြေက ကျောက်တော်ကြီးဘုရားပွဲဈေးမှာ အောက်တိုဘာ ၂၅ ရက် နေ့လယ်ပိုင်းက ပေါက်ကွဲပြီး ဈေးရောင်းနေတဲ့ အမျိုးသားတယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မန္တလေးမြို့ခံတွေထံက သိရပါတယ်။
နေ့လယ် ၂ နာရီလောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က လုံခြုံရေး ဆက်လက်တင်းကျပ်နေတယ်လို့ သိရပါတယ်။
မြို့ခံတဦးက “ခုက ချာတိတ်တွေနဲ့ စုဖွဲ့ထားတဲ့ အဖွဲ့တွေရှိတယ်။ ကားရော ဆိုင်ကယ်နဲ့ရော တချိန်လုံး လမ်းပေါ်မှာ ပတ်နေတယ်။ ဒီနေ့ထုသွားတာ CZI ဆိုင်ကယ်၊ နောက် နံပါတ်ပြား မပါတာနဲ့ ထုသွားတာတဲ့၊ ခု နံပါတ်ပြားမပါတဲ့ ဆိုင်ကယ်ကို ရှာနေကြတယ်” လို့ ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသွားသူကိုတော့ မန္တလေးဆေးရုံကြီးမှာပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေပါတယ်။
ကျောက်တော်ကြီးဘုရားပွဲတော် ကျင်းပတာကို ကိုဗစ်ကာလကတည်းက ရပ်တန့်ထားခဲ့ပြီး ပြီးခဲ့တဲ့နှစ်က အကျဉ်းချုံးကျင်းပခဲ့ကြကာ အခုနှစ်မှာတော့ လူတွေ ကြိတ်ကြိတ်တိုးနေအောင် စည်ကားနေတယ်လို့လည်း ပွဲဈေးသည်တဦးက ပြောပါတယ်။
ဒါပေမဲ့ ဗုံးပေါက်ကွဲမှုကြောင့် လာရောက်လည်ပတ်သူ လျော့ကျသွားတယ်လို့လည်း သိရပါတယ်။
အဆိုပါပွဲတော်နေရာဟာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ မန္တလေး နန်းတွင်းနဲ့ မန္တလေးတောင်ခြေက တပ်ရင်းတပ်ဖွဲ့တွေအကြားမှာ တည်ရှိပြီး ပွဲတော်မကျင်းပမီ ပွဲဈေးခင်းနေချိန်ကတည်းက လူစည်ကားနေတယ်လို့ သိရပါတယ်။
ပွဲဈေးလာသူအများစုနဲ့ ပွဲဈေးသည်တွေကတော့ စစ်သားပုံစံတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ပိုမိုများပြားတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။