
လာမယ့် သီတင်းကျွတ်ပိတ်ရက်ကာလအတွင်း ခရီးသွားတွေ အဆင်ပြေစေဖို့အတွက် မော်လမြိုင်-ရန်ကုန် အထူးရထား ပြေးဆွဲသွားမယ်လို့ အောက်တိုဘာ ၂၅ ရက် ဒီနေ့မှာ မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားပါတယ်။
သီတင်းကျွတ်ပိတ်ရက် အောက်တိုဘာ ၂၇ ရက်မှ ၃၀ ရက်နေ့ ကာလအတွင်း ခရီးသွားတွေ အဆင်ပြေစွာ သွားလာနိုင်ဖို့အတွက် မော်လမြိုင်-ရန်ကုန် ၈၂ အစုန်ရထားကို ပြေးဆွဲသွားတာ ဖြစ်တယ်လို့ မော်လမြိုင်ဘူတာကြီးရှိ လက်မှတ်ရောင်းတဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။
“သီတင်းကျွတ်ကာလက ခရီးသွား အရမ်းများတယ်လေ။ အဝေးသင်တွေ အိမ်ပြန်တာတွေ ရှိတယ်။ နောက်ပြီး အလုပ်သမားတွေရှိတယ်။ ကားလက်မှတ်တွေက မရတာများတော့ ရထားပဲ အားကိုကြတာလေ။ အဲ့ဒါကြောင့် အထူးရထား ပြေးဆွဲသွားတာပါ” လို့ ပြောပါတယ်။
မော်လမြိုင်-ရန်ကုန် အထူးရထား အမှတ် ၈၂ အစုန်ရထားဟာ မနက် ၉ နာရီခွဲမှာ မော်လမြိုင် ဘူတာကြီးက ထွက်ပြီး ရန်ကုန်ဘူတာကြီးကို ည ၇ နာရီ ဆိုက်ရောက်မယ်လို့ မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားပါတယ်။
ခရီးစဉ်အတွက် လက်မှတ်ခအနေနဲ့ မော်လမြိုင်-ရန်ကုန် ရိုးရိုးတန်းအတွက် ၃,၅၅၀ ကျပ်နဲ့ အထက်တန်းအတွက် ၇,၀၅၀ ကျပ် သတ်မှတ်ထားတာဖြစ်ပြီး မှတ်ပုံတင်မူရင်းနဲ့သာ ရောင်းချသွားမယ်လို့ ဆိုပါတယ်။
သီတင်းကျွတ်ပိတ်ရက်အတွင်း ရန်ကုန်ကို အထူးရထား ပြေးဆွဲတာဟာ ခရီးသွားတွေအတွက် အဆင်ပြေစေတယ်လို့ မော်လမြိုင်မြို့ခံတဦးက ပြောပါတယ်။
“ဒီရက်တွေမှာ သီးသန့်ပြေးဆွဲပေးတော့ ခရီးသွားတွေလည်း အဆင်ပြေတာပေါ့။ ကားလက်မှတ်ရဖို့ကလည်း မလွယ်ဘူးလေ။ ရထားတွေနဲ့ကျတော့ ဈေးလည်းသက်သာတော့။ ရဲတွေက မှောင်ခိုမရောင်းဘဲ ဒီတိုင်းပဲရောင်းရင် ပိုကောင်းတယ်။”
အထူးရထားတွေအတွက် ရိုးရိုးတန်းရထားလက်မှတ်တွေကို ၁ ရက်ကြိုတင် မှာရမှာဖြစ်ပြီး အထက်တန်းတွဲ ရထားလက်မှတ်ကိုတော့ ၃ ရက် ကြိုတင်ပြီး မော်လမြိုင်ဘူတာကြီး ရက်ကြိုလက်မှတ်ရုံမှာ မနက် ၇ နာရီမှ နေ့လယ် ၃ နာရီအထိ ရောင်းချသွားမှာဖြစ်တယ်လို့ မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားပါတယ်။
မော်လမြိုင်-ရန်ကုန် အမှတ် ၈၂ အစုန်အထူးရထားဟာ မုတ္တမ၊ ပေါင်၊ ဇင်းကျိုက်၊ ရင်းငြိမ်၊ သထုံ၊ သိမ်ဆိပ်၊ နှင်းပုလဲ၊ တောင်စွန်း၊ မရမ်းကုန်း၊ ကျိုက်ထို၊ ကျိုက္ကသာ၊ မုပ္ပလင်၊ သိမ်ဇရပ်၊ ဝေါ၊ ပဲခူး၊ တိုးကြောင်ကလေးဘူတာတွေမှာ ရပ်တန့်ပေးသွားမှာ ဖြစ်ပါတယ်။
အရင် မော်လမြိုင်မှ ရန်ကုန်ကို ပြေးဆွဲနေတဲ့ အမှတ် ၈၂ အစုန်ရထားကိုလည်း ပုံမှန်အတိုင်း ပြေးဆွဲသွားမှာဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးက အသိပေး ထုတ်ပြန်ထားတယ်။











