DVB Logo
Home
နိုင်ငံတကာ
ဂါဇာကို အကူအညီပေးမည့် WFP ထရပ်ကား ၄၀ ကျော် အီဂျစ်နယ်စပ်တွင် စောင့်ဆိုင်းနေ
DVB
·
October 24, 2023
ဂါဇာကို အကူအညီပေးမည့် WFP ထရပ်ကား ၄၀ ကျော် အီဂျစ်နယ်စပ်တွင် စောင့်ဆိုင်းနေ
Donate to DVB

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဟာ အီဂျစ်နဲ့ ဂါဇာအကြားရှိ နယ်စပ်မှာ ထရပ်ကားအစီးရေ ၄၀ ကျော်နဲ့ စောင့်ဆိုင်းနေပြီး နောက်တကြိမ် ထပ်ပြီး ဝင်ရောက်ခွင့်ရမယ့် အချိန်အတွက် ပြင်ဆင်ထားတယ်လို့ WFP အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ အလီဇာကီက အောက်တိုဘာ ၂၃ ရက်မှာ ပြောပါတယ်။

ကယ်ဆယ်ရေး ထရပ်ကားတွေရဲ့ တတိယယာဉ်တန်းဟာ ရာဖာထဲကို ဖြတ်ကျော် ဝင်ရောက်လာခဲ့တာကြောင့် WFP ဟာ ပိတ်ဆို့ခံထားရတဲ့ ဂါဇာမှာ အောက်တိုဘာ ၂၃ ရက်က ငါးသေတ္တာနဲ့ တခြားစားနပ်ရိက္ခာတွေကို ဖြန့်ဝေခဲ့ပါတယ်။

“မုန့်ဖုတ်ဆိုင်တွေဆီ ဂျုံမှုန့်တွေ ပေးလိုက်ပြီးတော့ မုန့်ဖုတ်လုပ်ငန်းကနေ မုန့်အချိုတွေ ထုတ်လုပ်ပြီး ကုလသမဂ္ဂ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေအတွက် ဖြန့်ဝေပေးနေတယ်” လို့ အလီဇာကီက ပြောပါတယ်။

ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ပို့ဆောင်ပေးမယ့် မုန့်ဆိုင် ၂၃ ဆိုင်နီးပါးနဲ့ စတင်ခဲ့ပေမဲ့ အခုတော့ ဆိုင်အများစုမှာ လောင်စာဆီကုန်သွားလို့ မလည်ပတ်နိုင်တော့တာကြောင့် လောလောဆယ် ၄ ဆိုင်သာ လည်ပတ်နိုင်တော့ကြောင်းလည်း သူကဆိုပါတယ်။

လူအများကြီးကို ကျွေးနိုင်ဖို့အတွက် လူတဦးချင်းစာ ရိက္ခာကို လျှော့ချခဲ့ရကြောင်းနဲ့ နေ့စဉ်နေ့တိုင်းတော့ လူတွေအားလုံးဆီကို ရောက်ရှိနိုင်ဖို့ မလွယ်ကူဘူးလို့လည်း ဆိုပါတယ်။

လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတဲ့လူတွေကို လက်လှမ်းမီနိုင်စေဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ဆေးရုံတွေ၊ မုန့်ဆိုင်တွေ အားလုံးကို အကာအကွယ်ပေးဖို့ လိုအပ်ကြောင်းလည်း အလီဇာကီက ပြောပါတယ်။

အထောက်အပံ့ပစ္စည်းတွေကို စစ်ဆေးတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ နယ်စပ်က ဂါဇာကမ်းမြောင်ဘက်ခြမ်းမှာ ဗုံးကြဲတိုက်ခိုက်မှုတွေအပေါ် အငြင်းပွားမှုတွေကြောင့် ကယ်ဆယ်ရေးပစ္စည်းတွေဟာ အီဂျစ်မှာ သောင်တင်နေခဲ့ပြီးနောက်မှာ ရာဖာဂိတ်မှတဆင့် လူသားချင်းစာနာထောက်ထားမှုပစ္စည်းတွေ ပို့ဆောင်တာကို အောက်တိုဘာ ၂၁ ရက်မှာ စတင်ခဲ့ပါတယ်။

ရာဖာဟာ အစ္စရေးနဲ့ နယ်နိမိတ်ထိစပ်မနေတဲ့ ဂါဇာကမ်းမြောင်အတွင်းရှိ တခုတည်းသော အဓိက နယ်စပ်ဖြတ်ကျော်နေရာလည်း ဖြစ်ပါတယ်။

အောက်တိုဘာ ၇ ရက်က ဟားမတ်စ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက အဲဒီနယ်မြေကို အလုံးစုံ ဝိုင်းရံပိတ်ဆို့ထားပြီးကတည်းက အကူအညီတွေ ပေးအပ်နိုင်ဖို့အတွက် ရာဖာကို အာရုံစိုက်လာကြပါတယ်။

လူဦးရေ ၂ ဒသမ ၃ သန်း နေထိုင်ရာ ဂါဇာမှာ မရှိမဖြစ် လိုအပ်တာတွေကို ဖြည့်ဆည်းပေးဖို့အတွက် နေ့စဉ် ထရပ်ကားအစီးရေ ၁၀၀ လောက် လိုအပ်မှာဖြစ်ကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013