DVB Logo
Home
မြန်မာသတင်း
ဘီလူးချောင်းရေကြီးပြီး  ရှမ်း-ကရင်နီနယ်စပ် လယ်ဧက ထောင်ချီရေနစ်မြုပ်ပျက်စီး
DVB
·
October 24, 2023
ဘီလူးချောင်းရေကြီးပြီး  ရှမ်း-ကရင်နီနယ်စပ် လယ်ဧက ထောင်ချီရေနစ်မြုပ်ပျက်စီး
Donate to DVB

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ အပါအဝင် ဘီလူးချောင်းစီးဆင်းရာ လွိုင်ကော်မြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ် တလျှောက်မှာ ဘီးလူးချောင်းရေ မြင့်တက်လာလို့ လယ်ဧက ထောင်ချီနစ်မြုပ် ပျက်စီးကုန်တယ်လို့  ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်းမှာ မုတ်သုန်မိုး အဆက်မပြတ်ရွာသွန်းခဲ့ပြီးနောက် မိုးဗြဲဆည်ဟာ စိုးရိမ်ရေမှတ်ထက်ကျော်လွန်ကာ အောက်တိုဘာ ၁၅ ရက်လောက်ကစပြီး  ရေလွှတ်ချတဲ့အတွက် ဆယ်အောက်မှာနေထိုင်တဲ့ လူနေအိမ်တွေနဲ့ လယ်မြေတွေ ရေနစ်မြုပ်ကုန်တာ ဖြစ်ပါတယ်။

မိုးဗြဲမြို့သစ်ရာကုန်းရပ်ကွက်မှာ  ရိတ်သိမ်းခါနီး လယ်ဧက ၇၀၀ လောက် ရေမြုပ်ပျက်စီးကုန်တယ်လို့ မိုးဗြဲမြို့နယ်တောင်သူလယ်သမား ဦးမိုင်ကယ်က ပြောပါတယ်။

“ကျနော့်ရပ်ကွက်ဆိုရင်တော့ ဒီရွာအောက်တောင်မှ လယ်ဧက ၆၀၀ -၇၀၀ လောက်ရှိတယ်။ အဲဒါ အကုန်လုံး မြုပ်ကုန်ပြီး။ အခုက တောက်လျှောက်မိုးရွာတယ်။ ရက်တိုင်းမိုးကလည်း မနားတော့ ရိတ်သိမ်းဖို့ကလည်း အဆင်မပြေဘူး။ တချို့ကတော့ ရေအောက်မှာပဲ လိုက်ရိတ်နေကြတယ်။ ရသလောက်ပေါ့။ အခုက စပါးကရခါနီးပြီ နောက် ၁၀ ရက် ၁၅ ရက်လောက်ဆိုရင် ရတော့မယ်။ ရသလောက်ပဲ ရေအောက်မှာ လိုက်ရိတ် နေတာ။ ဘာလို့လဲဆို‌တော့ ရေက ထပ်တက်ဖို့ပဲ ရှိတဲ့အခါကျတော့ ရသလောက်ပေါ့။ တချို့က နှစ်အိတ် သုံးအိတ်ရ၊ တအားမမြုပ်သေးတဲ့ဟာကတော့ ၁၀ အိတ်လောက်ရ နည်းနည်းပေါ့။”

ဒီကနေ့အထိ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကုန်းရေရော၊ ဆည်ရေပါ လွှတ်ချတဲ့အတွက် ဘီးလူးချောင်းတလျှောက် လယ်ဧကအားလုံး နစ်မြုပ်ကုန်တာလို့လည်း ပြောပါတယ်။

မိုးဗြဲဒေသခံ လယ်သမား  ဦးမိုင်ကယ်က  “မိုးက ဆက်တိုက်ရွာတယ်။ မိုးအကြီးအကျယ်ရွာတော့ ကုန်းကလာတဲ့ ရေနဲ့ ဆည်ကလည်း ရေထပ်လွှတ်တော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ စပါးရေမြုပ်တာ တပတ်ကျော် နှစ်ပတ်လောက်ရှိပြီ။ ပထဆုံးစမြုပ်တဲ့ဘက် မြေနိမ့်တဲ့ဘက်ဆိုရင်အကုန်ပျက်ကုန်ပြီ။ စပါးက အနှံစတက်တုန်းပေါ့နော်။ မမှည့်တမှည့် အဆံ ကောင်းကောင်းမပြည့်သေးတဲ့အချိန်မှာ ရေကမြုပ်တော့ ဘာမှ လုပ်လို့မရတော့ဘူး”လို့ ပြောပါတယ်။

အလားတူပဲ ဘီးလူးချောင်းစီးဆင်းရာ လွိုင်ကော်မြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်ဘက်မှာလည်း လယ်ဧက အတော်များများများရေဝင်နစ်မြုပ်ပျက်စီးကုန်ပါတယ်။

လွိုင်ကော်မြို့နယ် ဘုရားနီနဲ့ ဒီးမော့ဆိုမြို့နယ် ဘုရားဖြူကျေးရွာဘက်က လယ်ဧကတွေ လည်း လယ်ကွက်တွေထဲ ရေ ၄ ပေလောက် ရေဝင်နစ်မြုပ် ပျက်စီးကုန်တယ်လို့ ဘုရားနီးကျေးရွာတောင်သူ ဦးဝင်းအောင်က ပြောပါတယ်။

“လွိုင်ကော်မြို့နယ် ချောင်းဘေးတလျောက်က အကုန်လုံးကုန်သွားတယ်။ အဲဒီဘက် ဧက ၂၀၀ လောက်ရှိမယ်။ နောက်ဒီးမော့ဆိုမြို့နယ်နဲ့ ရှမ်းပြည်နယ်အစပ်ကျတော့လည်း ၂၀၀ ကျော်လောက်ရှိတယ်။ ခန်းမှန်းခြေအရပေါ့။ တချို့ကတော့ ရိတ်ခါနီး တချို့ကတော့လည်း စိုက်ပြီး တလနှစ်လကြာမှာ မြုပ်သွားတယ်ပေါ့။ အခုကျတော့အိမ်နားမှာဆိုရင် ကုန်းပေါ်ကြီးကို ရေက ချက်လောက်အထိ ရောက်လာတယ်။ ဘီးလူးချောင်းနဲ့ဆိုရင် ပေ ၂၅၀၀-၃၀၀၀ လောက်ဝေးသေးတယ်။ အဲတော့ကျနော်တို့က ဆယ်မြောင်းတာဘောင်ပေါ်မှာ Camp ထိုးပြီး‌တော့ နေနေကြတယ်။ ဘုရားဖြူကပိုဆိုးတယ်။ သူတို့ရိတ်ခါနီးမှ ရေမြုပ်တယ်ဆိုတော့ အကုန်ရှုံးကုန်ပြီ။”

မိုးရွာသွန်းမှုအပြင် မိုးဗြဲဆည်ရေ ဖောက်ချတဲ့အတွကလည်း မြစ်ချောင်းဘေးတွေမှာ အဆင်ပြေသလို စစ်ဘေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင် အိမ်ခြေ ၅၀၀ လောက် ရေကြီးတဲ့ဒဏ်ခံနေရတဲ့အတွက် နေထိုင်လို့ မရတော့ဘဲ ရေဘေးလွတ်ရာ နေရာတွေကို ထပ်ပြီး ပြောင်းရွှေ့ ခဲ့ကြရတယ်လို့ ဘုရားနီကျေးရွာခံက ပြောပါတယ်။

“ဒီဘုရားနီမှာအခြေစိုက်တဲ့ စစ်ရှောင်တွေက ဝက်သဲကူးရှိမယ်၊ ဝါရီဆူးပလိုင်၊ နန်းမယ်ခုံ၊  ဘုရားဖြူ၊ ဖောင်းတော၊ အများကြီးပဲ အခု လက်ရှိ အိမ်ခြေ ၅၀၀ ကျော်ရှိသေးတယ်။ အခုက ရေကြီးတဲ့အခါကျတော့ သူတို့လည်း အရှေ့ဘက်ခြမ်းစုလိုက်၊ အနောက်ဘက်ခြမ်းစုလိုက်နဲ့ ကျနော်တို့လည်း သူတို့ကိုကြည့်ပြီးတော့သနားတယ်။ ရွာသားတွေလည်းခံရ သူတို့လည်းခံရ အခက်ခဲ ပေါင်းစုံပဲ။”

ပြီးခဲ့တဲ့ ရာသီပေါ်တဲ့ စပါးတွေကို စစ်ဘေးရှောင်တွေအတွက် ရောင်းကုန်တဲ့အတွက် နောက်ပေါ်မယ့်စပါးကို မျှော်လင့်နေချိန် ပျက်စီးဆုံးရှုံးကုန်တာကြောင့် လာမယ့်လပိုင်းတွေမှာပဲ ဒေသခံတွေရာ၊ စစ်ဘေးရှောင်တွေပါ စားဝတ်နေရေးအခက်အခဲနဲ့ ရင်ဆိုင်ရနိုင်ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် မြန်မာပြည်အောက်ပိုင်းက ဆန်စပါးတွေကိုလည်း ကရင်နီဘက်ကို စစ်ကောင်စီတပ်က သယ်ခွင့်မပြုဘဲ ပိတ်ထားတဲ့အတွက် ကယား(ကရင်နီ) ပြည်က ပြည်သူတွေ၊ စစ်ရှောင်တွေလည်း ဆန်စပါးအတွက်များစွာ အခက်အခဲ ဖြစ်နိုင်ကြောင်း  တောင်သူတွေက ပြောပါတယ်။

ဘုရားဖြူ၊ ဘရားနီ၊ ဝါရီကောခူး၊ စံပြကျေးရွာအုပ်စု၊ ဒေါပေါကလဲကျေးရွာအုပ်စုစတဲ့ ရှမ်း-ကယားနယ်စပ်က ဘီလူးချောင်းတလျှောက် ခန့်မှန်း လယ်ယာဧက ၁၀၀၀၀ ဝန်းကျင်ရှိပြီး အကုန်လုံးနီးပါး ရေနစ်မြှုပ်နေတယ်လို့ ကရင်နီလူ့အခွင့် အရေးအဖွဲ့ဆီက သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013