DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ လူကုန်ကူးခံရသည့် ထိုင်းနိုင်ငံသား ၁၂၀ ကို နေရပ်ပြန်ပို့ရန် စီစဉ် 
DVB
·
October 23, 2023
မြန်မာနိုင်ငံ၌ လူကုန်ကူးခံရသည့် ထိုင်းနိုင်ငံသား ၁၂၀ ကို နေရပ်ပြန်ပို့ရန် စီစဉ် 
Donate to DVB

မြန်မာနိုင်ငံတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထိန်းချုပ်နယ်မြေထဲမှာ လူကုန်ကူးခံထားရတဲ့ ထိုင်း နိုင်ငံသား ၁၂၀ ဦးကို မြန်မာအာဏာပိုင်တွေက ကယ်ထုတ်ခဲ့ပြီး ထိုင်းနိုင်ငံကို အမြန်ဆုံးပြန် လည်ခေါ်ဆောင်ဖို့ စီစဉ်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ 

တရုတ်-မြန်မာနယ်စပ် လောက်ကိုင်မြို့မှာ လူကုန်ကူးခံထားရတဲ့ ထိုင်းအမျိုးသား  အယောက် ၉၀ နဲ့  အမျိုးသမီး  အယောက် ၃၀  စုစုပေါင်း ထိုင်းနိုင်ငံသား အယောက် ၁၂၀ တို့ကို မြန်မာအာဏာပိုင်တွေက အောက်တိုဘာ ၂၁ ရက် ည ၉ နာရီက ကယ်ထုတ်ခဲ့ပြီး လက်ရှိ မြန်မာစစ်တပ်ထဲမှာ လုံခြုံစွာစောင့်ရှောက်ထားကြောင်း ရန်ကုန်အခြေစိုက်ထိုင်းသံရုံးက အကြောင်းကြားလာတယ်လို့  ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြန်ကြားရေးနဲ့ဆက်ဆံရေးဌာန ပြောရေးဆို ခွင့်ရှိသူ နန်းကန်ကျနာ ဖတ်ထရာချုတ်က သတင်းထောက်တွေကို ပြောပါတယ်။

လောလောဆယ် သူတို့အမည်စာရင်းတွေကောက်ခံနေကြောင်း၊ ပြီးတာနဲ့ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး ရန်ကုန်ကနေ လေယာဉ်နဲ့ဖြစ်ဖြစ် ဒါမှမဟုတ် နယ်စပ်တာချီလိတ် - မယ်ဆိုင် ဘက်ကနေ ဖြစ်ဖြစ် ပြန်ခေါ်ဖို့ စီစဉ်နေတယ်လို့ နန်းကန်ကျနာက ပြောပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး Fair Party ပါတီ လွှတ်တော်အမတ် ကနဝီ ဆိပ်ဆိုင်က ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက် လွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့ပါသေးတယ်။

ထိုင်းမြောက်ပိုင်း ချင်းရိုင်းနဲ့ တာ့ခ်ခရိုင် မျက်နှာချင်းဆိုင်ဒေသထဲမှာ တရုတ်နိုင်ငံသားတချို့က တရားမဝင် လုပ်ငန်းတွေ၊ ငွေကြေးခါချလုပ်ငန်းတွေ လုပ်ကိုင်နေပြီး အဲဒီအလုပ်တွေမှာ လူကုန်ကူးခံရတဲ့ ထိုင်းနိုင်ငံသား ၁၀၀ ကျော် ရှိ နေတယ်၊ သူတို့ဟာ တယ်လီဖုံးတွေအသိမ်းခံရပြီး အွန်လိုင်းလိမ်လည်တာ၊  ပြည်တန်ဆာလုပ်ရတာ၊ ညစ်ညမ်းဗွီဒီယိုအရိုက်ခံရတာ စတဲ့အလုပ်တွေလုပ်ဖို့အတင်းအကျပ် စေခိုင်းခံရတယ်၊ ခိုင်းတာမလုပ်ရင် နှိပ်စက်ခံရတယ်၊ သူတို့ကို အမြန်ဆုံးကူညီပေးဖို့ သက်ဆိုင်ရာဆွေမျိုးတွေကနေတဆင့် ဆက်သွယ်လာတယ်၊ ဒီဖြစ်ရပ်တွေဟာ အသစ်အဆန်းမဟုတ်ပေမဲ့ ဆက်ရှိနေဖို့လက်မခံနိုင်တော့ပါဘူး။  သက်ဆိုင်ရာတွေအနေနဲ့ အမြန်ဆုံးကယ်တင်ဆောင်ရွက်ဖို့ လွှတ်တော်ကနေတဆင့် တောင်းဆိုတယ်လို့ လွှတ်တော်အမတ်က ပြောခဲ့ပါတယ်။ 

မြန်မာအာဏာပိုင်ဘက်က ကယ်ထုတ်ခဲ့ပြီလို့ သတင်းကြားတဲ့နောက် ချက်ချင်းပြန်ခေါ်ဖို့ စီစဉ် သင့်ကြောင်း ၊ အဲဒီနယ်မြေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲမှာရှိတာကြောင့် ခေါ်ထုတ်ဖို့ အခက် အခဲရှိမယ် ၊ ဒါကြောင့် သံတမန်နည်းနဲ့ပြန်ခေါ်ပြီး ဒီလုပ်ငန်းတွေကို  ထိုင်း၊တရုတ်၊ မြန်မာ၊ လာအို ၄ နိုင်ငံ ရဲတပ်ဖွဲ့တွေ ပူးပေါင်းနှိမ်နင်းဖို့ လွှတ်တော်အမတ်က အကြံပြုထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် စူရချေ့ ဟတ်ဖန်းကလည်း မြန်မာဘက်ခြမ်းမှာ လူကုန်ကူးခံရတဲ့ ထိုင်းလူမျိုး ၁၀၀ ကျော်ကို မြန်မာအာဏာပိုင်တွေက ကယ်တင်ထားပြီလို့ သိရတယ်၊ ဒါပေမဲ့ နောက်ထပ်အကူအညီစောင့်မျှော်နေတဲ့ ထိုင်းတွေရှိသေးတယ်၊ ထိုင်း ရဲတပ်ဖွဲ့ကို ဆက်သွယ်လာတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

လူကုန်ကူးခံရသူတွေ ပြန်ခေါ်ဖို့ ထိုင်းရဲတပ်ဖွဲ့အနေနဲ့ တရုတ်အစိုးရလုံခြုံရေးကောင်စီနဲ့ရော မြန်မာအစိုးရနဲ့ပါ ချိတ်ဆက်ဆောင်ရွက်နေပါတယ်၊ သူတို့ကိုပြန်ခေါ်ပြီးရင် NRM ( National Raferral Mechanism) စင်တာမှာ ထားပြီး ဘယ်သူက ကုန်ကူးခံရ၊ ဘယ်သူကကိုယ့်သဘောနဲ့ကိုယ်သွားတာလဲ ဆို တာတွေ စစ်ဆေးသွားမယ်လို့ ပြောပါတယ်။

သားကောင်ဖြစ်ခဲ့ရသူ နိုင်းဆုမ်ချိုင်းဆိုသူကို သတင်းထောက်က ဆက်သွယ်မေးမြန်းရာမှာ - သူဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက အလိမ်ခံရကြောင်း၊ လားရှိုးမှာ ၁ လ ဘတ် ၃၀၀၀၀ ရမယ့် ပီအာရ် အလုပ်လုပ်ဖို့  အွန်လိုင်းကနေအဆက်အသွယ်ရခဲ့တယ်၊ ထိုင်းကနေမြန်မာပြည်ထဲဝင်ဖို့ ပွဲစားက စာရွက် စာတမ်းအကုန်လိုက်လုပ်ပေးတယ်၊ ဟိုဘက်ကမ်းကိုရောက်တော့ ကားနဲ့လာကြိုတယ်၊ ကားပေါ်မှာ သူ့လိုအလုပ်သွားလုပ်မယ့်သူ ၁၅ ယောက်ပါတယ်၊ သူတို့ကို မြို့တမြို့ဆီခေါ်သွားပြီး အနေအထားအရ တရားမဝင်အလုပ်လုပ်တဲ့နေရာဆိုတာ သိလိုက်ရတယ်လို့ ပြောပါတယ်။ 

အဲဒီနေရာရောက်တော့ Call Center လုပ်မလား ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံငွေတွေ လိမ်လည်ယူ တဲ့အလုပ်လုပ်မလားလို့ ရွေးခိုင်းတယ်၊ သူက ကောလ်စင်တာအလုပ်ကိုရွေးတော့ မနက် ၉ နာ ရီကနေ သန်းခေါင်ကျော် မနက် ၁- ၂ နာရီထိ လုပ်ရတယ်၊ သတ်မှတ်ထားတဲ့ ငွေပမာဏရှာမပေးနိုင်ရင်ဘဲဖြစ်ဖြစ် အိမ်ကိုခိုးတိုင်ရင်ဘဲဖြစ်ဖြစ် ဒဏ်ပေးခံရတယ်၊ အမှောင်ခန်းထဲ လှောင်ထားတယ်၊ ကျပ်မပြည့်တဲ့ လူတစ်ယောက် ပစ်သတ်ခံရတယ်၊  အလုပ်ရှင်က တရုတ်ဖြစ်ပြီး ကြီးကြပ်သူက ထိုင်းနဲ့ ရှမ်းလူမျိုးဖြစ်တယ်၊ အဲဒီကနေ ဘယ်မှသွားခွင့်မရှိ၊ သွားရင်လည်းအစောင့်အမြဲပါတယ်၊ လစာကို ၂၀၀၀၀ ကနေ ၂၅၀၀၀ ထိပေးမယ်လို့ ပြောထားပေမဲ့ အကြောင်းအမျိုးမျိုးပြ ဖြတ်တောက်ယူတယ်၊ အလုပ်နောက်ကျရင်လည်း လစာဖြတ်တယ်၊ သူတို့တိုက်ထဲမှာတင် ထိုင်းလူမျိုးက ၂၀၀ ကျော်တယ်၊ တခြားလူမျိုးတွေလည်းရှိတယ် ၊ သူတို့အမြန်ဆုံးပြန်ချင်ပြီလို့ သတင်းထောက်ကို ပြောသွားပါတယ် ။ 

ကိုးကား - https://transbordernews.in.th/home/?p=36047

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013