Home
မြန်မာသတင်း
ကန်ပက်လက်မြို့တွင်း တိုက်ပွဲဖြစ်၊ ကင်းစခန်းများတွင် စစ်သားအရုပ်များအစားထိုးထား
DVB
·
October 21, 2023

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ထဲက စစ်ကောင်စီတပ်သားတွေကို CDF-ကန်ပက်လက်က သွားရောက်တိုက်ခိုက်ခဲ့ပြီး တချို့နေရာက ကင်းစခန်းတွေမှာ စစ်သားအရုပ်တွေထားတာ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

CDF-ကန်ပက်လက်တပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီတပ်သားတွေ ခြေကုပ်ယူထားတဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ ပညာရေးမှူးရုံး၊ အ.ထ.က ၁ ကျောင်းနဲ့ ရန်အောင်အေးစေတီ စတဲ့ နေရာတွေကို စစ်ကြောင်း ၅ ကြောင်းခွဲပြီး ဒီနေ့ တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အ.ထ.က(၁) ကန်ပက်လက်ကျောင်းဝန်းထဲက ကင်းစခန်းတွေမှာ စစ်သားပုံစံလုပ်ထားတဲ့ အရုပ်တွေကို အစားထိုး ကင်းချထားတာတွေ့ခဲ့ရတယ်လို့လည်း သိရပါတယ်။

CDF-ကန်ပက်လက်ရဲ့ တပ်မဟာမှူး ဆလိုင်းထွန်းလိမ်းထန်းက “ကျနော်တို့ဘက်က စစ်ကြောင်း ၅ ကြောင်းခွဲဝင်ပြီး ရိုင်ဖယ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ သူတို့ဘက်ကလည်း ပြန်ပစ်တော့ ထိတွေ့မှုဖြစ်ခဲ့တာပါ။ တိုက်ပွဲမှာ စကစဘက်က ၂ ဦး ကျဆုံးတယ်၊ ၄ ယောက် ဒဏ်ရာရတယ်လို့လည်း ကြားရပါတယ်။ အတိအကျတော့ မပြောနိုင်ဘူး” လို့ ပြောပါတယ်။

ကင်းစခန်းထဲက စစ်သားရုပ်တွေကို လူထင်ပြီး မှားပစ်မိခဲ့သေးတယ်လို့လည်း သူက ပြောပါတယ်။

မနက် ၆ နာရီကကနေ ၁၁ နာရီလောက်အထိ စစ်ကောင်စီတပ်နဲ့ CDF-ကန်ပက်လက်တို့ ထိတွေ့မှုအပြီး CDF-ကန်ပက်လက်ဘက်က အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကန်ပက်လက်မြို့တွင်းမှာ စစ်ရေးအခြေအနေတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲတွေ ဖြစ်နိုင်တာကြောင့် စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေအနီးမှာ ပြည်သူတွေ မနေကြဖို့ CDF-ကန်ပက်လက်က အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024